◼️မိုးကုတ်-မိုးမိတ် စစ်ဆင်ရေးတပတ်တာအတွင်း စကစရဲ့ အရေးပါတဲ့စခန်းကုန်းသိမ်းပိုက်ထားဟု NUG ထုတ်ပြန်
🔹PDF ၊ ပကဖ တွေ စုစည်းထိုးစစ်ဆင်နေပြီး စစ်ဆင်ရေးတွေကို အနီးကပ်ကွပ်ကဲလျက်ရှိကြောင်းကြေညာ
၆ ဒီဇင်ဘာ ||| နွေဦးအသံ |||



မိုးကုတ်-မိုးမိတ်ဒေသရှိ PDF ၊ ပကဖ တွေကို စုစည်းပြီး ထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေးတွေကို အနီးကပ်ကွပ်ကဲလျက်ရှိပြီး အရေးပါတဲ့ စခန်းကုန်းတခုကို တပတ်အတွင်း သိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက် ကတည်းက စတင်ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သက်ဆိုင်ရာဒေသတွင်းရှိ PDF ၊ ပကဖ တွေကို စုစည်းစေပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲတွေမဖြစ်ပွားခင်ကတည်းက အပြစ်မဲ့အရပ်သားပြည်သူလူထုတွေ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေတွေသို့ ကြိုတင်ရွှေ့ပြောင်းပေးတာ၊ နေရာချထားပေးတာနဲ့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလျင်အမြန် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု ခြေကုတ်ယူလာတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၃၀ ရက်၊ ညနေ ၆ နာရီမှ စတင်ပြီး အပြင်းအထန်
ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေစတင်ခဲ့တဲ့နေ့မှ ဒီဇင်ဘာ ၆ ရက်အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ အကြမ်းဖက်စစ်တပ် စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
PDF ၊ ပကဖ တွေအနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်လျက်ရှိတယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ | မိုးကုတ်ဗျူဟာ(ပုံဟောင်း)
©The Voice of Spring