TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်၏ စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG က ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၆




မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ဒေသတို့ကို PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မိုးကုတ်၏ စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG အစိုးရက ယနေ့ ဒီဇင် ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက် ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများမဖြစ်ပွားမီကပင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ခြေကုတ်ယူလာသော နယ်မြေများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါသော အကြမ်း ဖက် စစ်တပ်၏ စခန်းကုန်း ၁ ခုကို တော်လှန်ရေး တပ်ဖွဲ့များက လက် ရသိမ်းပိုက်ထားနိုင်ထဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရက ပြောဆိုထားသည်။
TNLA က တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့တို့ကို စစ်တပ်ထံသို့ ပြန်လည် ပေးအပ် ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ စစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားခဲ့ခြင်းဖြစ်သည်။
မိုးကုတ်၊ မိုးမိတ်ထဲ ဝင်လာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်တိုက်နေတယ်လို့ NUG MOD ဆို
ဒီဇင်ဘာ ၆ ၊ ၂၀၂၅
မိုးကုတ် – မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ် ။
တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ မိုးကုတ် မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေကို ဖော်ပြထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
“၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ ၁၈:၀၀ နာရီ အချိန်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ရန်သူခြေကုတ်ယူလာသော နယ်မြေများကို မိမိတို့ တပ်ဖွဲ့ဝင်များမှ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါသည်” လို့ NUG၊ MOD ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၆ ရက်ထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF တွေ၊ ပကဖ တွေကို တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်ကနေ စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုထားပါတယ်။
ဓတ်ပုံ-MDY-PDF / (ပုံဟောင်း)