ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၅) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆/၂၀၂၅)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==========================================
(က) ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” (DITWAH) အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”(DITWAH)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Tricomalee)အနီးကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း “ ဒစ်ဝါ”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၈.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၁.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၇၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့ကို ဆက်လက် ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”၏အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့် အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အရှေ့ဘက်သို့ရွေ့လျားခဲ့ပြီး မလေးရှားနိုင်ငံပေါ်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသော‌လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”(DITWAH)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Tricomalee)အနီးကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၈၀၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ အရှေ့တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူ ထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ အများအားဖြင့် သာယာမည်။
အမြင်တာ။ ၅ မိုင်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ အများအားဖြင့် သာယာမည်။
အမြင်တာ။ ၅ မိုင်။
ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။