ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်သို့ သွားရောက်သည့် ခရီးစဉ်များတွင် အကြမ်းဖက် မင်းအောင်လှိုင်က သက် ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင် တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစားအသောက်များကို လုံး၀ မတို့မထိ မစားသောက်ဘဲ ၎င်း၏ ကိုယ်ရေးအရာရှိအဖွဲ့က ပြင်ဆင်ပေးသော ကိုယ်ပိုင်ရေဘူးပါ ရေနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်ကြောင်း အဆိုပါခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့်တွေ့ဆုံခွင့်ရခဲ့သော ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သို့လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မော်လမြိုင်မြို့သို့ လည်းကောင်း သွားရောက်ပြီး ဌာနဆိုင်ရာ တွေ့ဆုံပွဲများ၊မြို့ကို ကြည့်ရှု စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် မင်းအောင်လှိုင်က သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းပေးထားသာ သောက်ရေ၊ လက်ဖက်၊ ရေနွေး၊ အချိုပွဲနှင့် အစားအသောက်များကို လုံး၀ မစားသောက်သည့်အပြင် တို့ထိခြင်းတောင် မပြုလုပ်ကြောင်း၊ အချိန်တော်တော်များတွင် ထင်ရာမြင်ရာကို မင်းအောင်လှိုင်က လျှောက်ပြောနေခဲ့ပြီး တွေ့ဆုံပွဲများတွင် အနည်းဆုံး ၁ နာရီကျော်ကြာအောင် မရပ်မနား တစ်ဦးတည်း ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“သူ့ရှေ့မှာ ရေ၊ ရေနွေးခွက်၊ မြန်မာမုန့်နဲ့ လက်ဖက်၊ အချိုပွဲတွေ ချထားတယ်။ သူတစ်လျှောက်လုံး စကားပြောတယ်။ ၁ နာရီကျော်လောက်ကြတယ်။ အဲဒါ သူ့ရှေ့မှာ ချထားတဲ့ ပြည်နယ်အစိုးရအဖွဲ့က ပြင်ပေးထားတဲ့ သောက်ရေ၊ ရေနွေး၊ အချိုပွဲ မတို့မထိဘူး။ သူ့ ကိုယ်ရေးအရာရှိ အဖွဲ့က စီစဉ်ပေးတဲ့ ရေဘူးကိုပဲ သောက်တယ်။ နေ့လယ်စာတွေ ဘာတွေ စားတော့လည်း ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးတာမစားဘူး။ သူ့ကိုယ်ရေးအရာရှိအဖွဲ့က စီစဉ်တာကိုပဲ စားတယ်” ဟု မင်းအောင်လှိုင်၏ အပြုအမူနှင့်အနေအထိုင်ကို သေချာသတိထားမိခဲ့သော ဌာနဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ ဘားအံမြို့ခရီးစဉ်အတွင်း လုံခြုံရေး စိတ်ချမရမှုနှင့် ခရီးစဉ် သတင်းပေါက်ကြားမှုကြောင့် အစီအစဉ်များ ဖျက်သိမ်းခြင်းနှင့် တပ်နယ်တွေ့ဆုံပွဲများ ဖျက်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ဘားအံမြို့ခရီးစဉ်အတွင်း အကြမ်းဖက် မင်းအောင်လှိုင်က ဌာနဆိုင်ရာ တွေ့ဆုံပွဲနှင့် လုပ်ဆောင်ခဲ့ပြီးနောက် လူငယ်စင်တာနှင့် ဇွဲကပင်မိုးလုံ လေလုံအားကစားကွင်း တည်ဆောက်မှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မူလအစီအစဉ်ဖြစ်သည့် ဘားအံတပ်နယ် တွေ့ဆုံပွဲနှင့် တောင်ကလေး စစ်ဆေးရုံသို့ သွားရောက်မည့် အစီအစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း၊ယင်းနောက် ဘားအံတွင် ညမအိပ်တော့ဘဲ ရဟတ်ယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ညအိပ်ခဲ့ကြောင်း သိရှိရသည်။