မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်
ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၁၈



မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က တစ်ပြိုင်နက်ထဲ ခေါ်သွင်းလာမယ်လို့ MFP ရဲ့စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လာမဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တို့မှာ မိုးမိတ်နဲ့မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ အဲးီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့သည် စစ်အုပ်စုကို မဖြစ်မနေ ခေါ်သွင်းလာရမဲ့အနေအထားကို ပြောပြတာပဲရှိတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာ နှောင့်ယှက်ဟန့်တားတာတွေ မလုပ်ဖို့ ဒါတွေကိုခေါ်ပြောတာထားတဲ့ ကိစ္စတွေပဲရှိပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာလည်း ပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်က ရှမ်းလမ်းဆုံမှာ စစ်အုပ်စုနဲ့TNLAတပ်ဟာ ဆက်ဆံရေးရုံးတွေ အပြန်အလှန် ဖွင့်လှစ်လိုက်တယ်လို့ သူဆိုပါတယ်။
ဒီဆက်ဆံရေးရုံးတွေကနေ တဆင့် မိုးမိတ်နဲ့မိုးကုတ်မြို့တို့ကို ခေါ်သွင်းလာမှာဖြစ်ပြီး မိုးကုတ်မြို့ပေါ်မှာ နိုဝင်ဘာလ ၂ ရက်က ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးအထိ ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။
စစ်အုပ်စုအပစ်ရပ်ပြီးနောက် မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေ တပ်တွေဆုတ်ခွာပေးမယ်လို့ TNLA က ထုတ်ပြန်ပြောဆိုထားပေမဲ့လည်း တော်လှန်ရေးအင်အားစုတွေကတော့ မိုးကုတ်ကို ဆက်ကာကွယ်မယ့်အကြောင်း ပြောဆိုထားကြပါတယ်
မိုးကုတ်ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကို TNLA ကညှိုနှိုင်းတိုင်ပင်တာမျိုး ဒီနေ့အထိ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် TNLA က စစ်အုပ်စုကို မိုးကိုတ်ကို ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ အမည်မဖော်လ်ိုတဲ့ မိုးကုတ်သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကတော့ ” ကျွန်တော်တို့က လုပ်ရကိုင်ရခက်နေပါတယ်။ တစ်ဖက်ကလည်း မဟာမိတ်ဖြစ်နေတယ်။ တစ်ဖက်မှာကလည်း စစ်အုပ်စုမိစ္ဆာဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ အခြေအနေကိုတော့ ပြောရခက်နေတယ်။ ကျွန်တော်ထင်ပါတယ် အဲဒီနေ့ရဲ့အခြေအနေပေါ်မှာ အားလုံးမူတည်နေပါတယ်” ဆိုပါတယ်။
လက်ရှိမှာတော့ မိုးကုတ်မြို့ရဲ့ ရှုပ်ထွေးနေတဲ့ စစ်ရေးအခြေအနေကြောင့် မြို့ခံအများစုဟာ စွန့်ခွာနေကြပြီး သက်ကြီးရွယ်အိုတွေနဲ့ ထွက်ပြေးတိမ်းရှောင်ဖို့ ငွေကြေးမတက်နိုင်သူ စုစုပေါင်း ၂၅ ရာခိုင်နှုန်းလောက်သာ ကျန်ရှိနေတော့တယ်လို့ ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ အခုနှစ်အတွင်းမှာပဲ TNLA နဲ့ MNDAA တို့သိမ်းပိုက်ထားတဲ့ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့သီပေါမြို့တို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း TLNLAနဲ့PDFတွေကို အားပေးထောက်ခံခဲ့ကြတဲ့ ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးခဲ့သလို နေအိမ်နဲ့ဘာသာရေးအဆောက်အဦးတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့တာကြောင့် မိုးကုတ်မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေရှိနေပါတယ်။
တစ်ဆက်ထဲမှာပဲ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုက်ရာ လားရှိုးမြို့ကို အပစ်ရပ်သဘောတူညီချက်နဲ့ ဝင်ရောက်ပြီးနောက် အခုလအတွင်းမှာပဲ မြို့အနီးမှာ တပ်စွဲနေထိုင်နေတဲ့ MNDAAတပ်စခန်းတွေကို ပြန်ဆုတ်ခိုင်းရာမှာ စစ်ရေးမပြေလည်မှုတွေ ရှိခဲ့ပြီး လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို နှစ်ဖက်စလုံးက ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။