ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်များ သစ္စာမရှိ ဟု စစ်ခေါင်းဆောင် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅
ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများ၌ ပါဝင်ပတ်သက်လျက်ရှိကာ ရသင့်ရထိုက်သည့်အခွန်အခများ မရရှိသဖြင့် နိုင်ငံ ထိခိုက်နစ်နာလျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့နံနက်တွင် မော်လမြိုင်မြို့ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဥ် ပြောသည်။
ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ လက်ရှိတွင် နယ်စပ်ဒေသ၌ တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် တချို့သော နယ်စပ်ဂိတ်များ ပိတ်ထားရကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် နယ်စပ်ဒေသများတွင် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Oline Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Oline Gambling) ကျူးလွန်မှုများ မရှိစေရန် ၎င်းတို့ အခြေပြုဆောင်ရွက်လျက်ရှိသော အခြေခံ အဆောက်အအုံ ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဟု စစ်ခေါင်းဆောင်က ထပ်မံ ပြောသည်။
ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံတကာမှ ဖိအားပေး အာရုံစိုက်လာသလို အမေရိကန်မှ တပ်ဖွဲ့ ဖွဲ့၍လုပ်ဆောင်လာချိန်တွင် စစ်ခေါင်းဆောင်အနေဖြင့် ကျားဖြန့်လုပ်ငန်းများတည်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ယခုရက်ပိုင်းအတွင်း သွားရောက်ခဲ့ပြီး မြန်မာ- ထိုင်းနယ်စပ်ရှိ KK Park နေရာအား အမျိုးသားရေးတာဝန်အဖြစ် အပြီးပြတ် ရှင်းလင်းသွားမည်ဟု ပြောဆိုခဲ့သေးသည်။
ထို့ပြင် ကရင်ပြည်နယ်၌ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းပြီး ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများရှိကာ ထိုသို့ လုပ်ဆောင်နေသူများမှာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသွားသည်။
ဓာတ်ပုံ- MOI