ရွှေကုက္ကိုလ်မှ ကျားဖြန့်ဂိုဏ်းများကို အပြတ် နှိမ်နင်းတော့မည်ဟု စစ်တပ်လက်အောက်ခံ BGF နိုင်မောင်ဇော် ပြောပြန်၊ အမေရိကန်နှင့် တရုတ်ဖိအားကြောင့်မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းရန် ဆုံးဖြတ်သည့်အချိန်နှင့် ဖိအားပေးချိန် တိုက်ဆိုင်မှုဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်များကို အပြီးသတ်အပြတ် နှိမ်နင်းတော့မည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်- BGFမှ နိုင်မောင်ဇော်က ထိုင်းသတင်းမီဒီယာများကို ခေါ်ယူပြောဆိုသည်။
ရွှေကုက္ကိုလ်တွင် ကျားဖြန့် ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိပြီး ကျားဖြန့်များကို လုံး၀ မထားတော့ဘဲ အပြတ် အပြီး နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ထိုသို့ နှိမ်နင်းရာတွင် စစ်တပ်နှင့်ပူးပေါင်း၍ နှိမ်နင်းမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်ဖိအားရှိလာ၍ မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းရန် ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရွှေကုက္ကိုလ်ကို နိုင်ငံခြားရင်းနှီုးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တာက ဖွံ့ဖြိုးတိုက်စေချင်လို့ ဖိတ်ခေါ်ခဲ့တာပါ။ အဲဒီအပေါ်မှာ နိုင်ငံခြားသားတွေက သူတို့ရဲ့ တိုးတက်တဲ့ နည်းပညာတွေနဲ့ ကမ္ဘာပေါ်မှာ လိမ်လည်မှုပြုလုပ်လာတယ်ဆိုတာ ကို ကျနော်တို့ အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်လေး သိလိုက်ရတာပါ။ အဲဒါကြောင့် အခုနေ အချိန်အခါမှာ ကမ္ဘာကြီးနဲ့အတူ အိမ်နီးချင်းနိုင်ငံနဲ့အတူ ကိုယ်တို့အစိုးရနဲ့အတူ Plan A Plan B Plan C ရှိတဲ့နေရာမှာ Plan B နဲ့ Plan C ကိုပေါင်းပြီးတော့ အပြီးတိုင် ဖယ်ရှားရှင်းလင်းမှု လုပ်ဆောင်မယ်။ လုံး၀ ပပျောက်တဲ့အထိ ရက်ပိုင်းအတွင်းမှာ အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်။ နောက်ထပ်ဆိုတာ မရှိတော့ဘူး” ဟု BGF နိုင်မောင်ဇော်က ပြောဆိုသည်။
BGF က ကျားဖြန့် နှိမ်နင်းရန် လုပ်ဆောင်ရာတွင် ကမ္ဘာကြီး၏ ဖိအားကြောင့် ဖြစ်ပြီး မည်သည့်နိုင်ငံ၏ ဖိအားမှ မရှိကြောင်း၊ ကျားဖြန့်များကြောင့် ကမ္ဘာ့ပြည်သူများ နစ်နာနေ၍ ယင်းကဲသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“အရင်က A ၊ B ၊ C ရှိတယ်။ အခုက B ကိုကျော်ပြီး C ကိုလုပ်မယ်။ ကျားဖြန့်ကို အပြီးသတ် နှိမ်နင်းရမယ့် အချိန်ရောက်ပြီ။ အမေရိကန် ဖိအားကြောင့်မဟုတ်ဘူး။ တိုက်ဆိုင်မှု ဖြစ်တာ။ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတာ။ ဒီအဖွဲ့က အလုပ်လုပ်ရမယ့် အချိန်ကို ရောက်လာလို့ အလုပ်လုပ်တာဖြစ်တယ်။ တရုတ်ဖိအားလည်းမရှိပါဘူး။ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပါ။ ငွေလိမ်ဂိုဏ်းဆိုတာက တစ်ကမ္ဘာလုံးရဲ့ ဖိအားရှိတယ်။ တစ်ကမ္ဘာလုံးက ပြည်သူတွေဖိအားရှိတယ်။ ကျနော်တို့က ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဒီလိုဖြစ်နေတယ်ဆိုတော့ အရင်တုန်းက အဲဒီလောက် ထဲထဲဝင်ဝင် သေချာမသိခဲ့တာ။ အခုနောက်ပိုင်း ဒါကြီးက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတော့ မဖြစ်သင့်တော့ဘူးဆိုပြီး အထူးတပ်ဖွဲ့က မူလ စီစဉ်ထားတဲ့ အစီအစဉ်တွေကို ကျနော်ပြီးတော့ နောက်ဆုံးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ရွှေကုက္ကိုလ် ထူထောင်သူ She Zhijiang ကို ကျားဖြန့်ငွေလိမ်မှု များ အပါအဝင် နိုင်ငံတကာရာဇ ဝတ်မှုများဖြင့် ထိုင်းနိုင်ငံက တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်း ကျားဖြန့် များကို အကာအကွယ်ပေးနေသော DKBA တပ်ဖွဲ့ နှင့် ခေါင်းဆောင် ၄ ဦးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကာ ကျားဖြန့်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာချိန်တွင် BGF နိုင်မောင်ဇော်က ကျားဖြန့်များ လုံး၀ အပြတ် နှိမ်နင်းတော့မည်ဟု ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ရွှေကုက္ကိုလ်အတွင်းသို့ BGF နှင့်အတူ တွဲဖက် ဝင်ရောက် နေရာယူထားပြီး များမကြာမီ KK Park ကဲ့သို့ ဟန်ပြ ကျားဖြန့် အရေးယူမှုများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစက် ပြောဆိုသည်။
“KK Park လည်း ဒီလိုပဲ ဟန်ပြပဲလေ။ ဖျက်တဲ့နေရာ ဖျက်တယ်။ မဖျက်တဲ့နေရာ မဖျက်ဘူး။ ရှင်းရှင်းပြောရရင် နေရာပြောင်းတဲ့သဘောပဲ။ လူသိများတဲ့နေရာကနေ တောင်ကြားတွေထဲမှာ နေရာတွေ ဆောက်ပြီး ပြန်ရွှေ့နေကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
မြ၀တီမြို့နယ်တွင် ကျားဖြန့် စင်တာများကို BGF စောချစ်သူ၊ DKBA အပါ အဝင် စစ်တပ်နှင့် အဆင်ပြေသော လက်နက်ကိုင်တပ်ဖွဲ့များက အကြီး အကျယ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။