ဂန့်ဂေါတွင် တသီးပုဂ္ဂလအမတ်လောင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးအမတ် ပြိုင်ဘက်မရှိ အနိုင်ရပြန်၊ ရွေးကောက်ပွဲမစသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရမှု များပြားနေ
နိုဝင်ဘာ ၁၇၊ ၂၀၂၅



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကနေ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်း သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဒေါ်အိဖြူလွင်က ပြိုင်ဘက်မရှိ အနိုင်ရသွားပြန်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
တသီးပုဂ္ဂလအမတ်လောင်းဖြစ်သူ ဦးသန်းဝင်းဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ထံ စုံစမ်းပေးပို့နေတဲ့ ဗိုလ်ပြုတ်တစ်ယောက်ဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် ဒီနေ့ နိုဝင်ဘာ ၁၇ရက်မှာ သေဆုံးသွားခဲ့တယ်လို့ ယောအလင်းတန်းက ဆိုထားပါတယ်။
အခုလို သေဆုံးသွားတဲ့အတွက် ကြံ့ခိုင်ရေးပါတီအမတ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမယ့် ရှေ့နေ ဒေါ်အိဖြူလွင်က ဂန့်ဂေါမဲဆန္ဒနယ်အတွက် ပြည်သူ့လွတ်တော်အမတ် နေရာကို ပြိုင်ဘက်မရှိ ရရှိမှာဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ်ဟာ စစ်တပ်ကနေ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၂) မှာ ပါဝင်တာကြောင့် လာမယ့် ၂၀၂၆ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေ ဖြစ်ပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေအရ မဲဆန္ဒနယ် ၂၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်သူ မရှိတာကြောင့် ကြံ့ခိုင်ရေးပါတီက အလိုလိုနေရင်း အနိုင်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိတဲ့ မဲဆန္ဒနယ် ၂၈ ခုဟာ ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က ဖြစ်ပြီး အဆိုပါဒေသတွေမှာ ကြံ့ခိုင်ရေးပါတီမှလွဲလို့ တခြားဘယ်ပါတီကမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာကြောင့် ပြိုင်ဘက်မရှိ အနိုင်ရသွားတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို ရွေးကောက်ပွဲမစသေးဘဲ ရလဒ်တွေ ကြိုတင်ထွက်ပေါ်လာဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး လူထုတွေကလည်း ဝေဖန်မှုတွေ မြင့်တက်လျက်ရှိနေပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပြည့်အဝ မကျင်းပနိုင်တဲ့အပြင် အင်အားကြီးတဲ့ ပြိုင်ဘက် အတိုက်အခံပါတီတွေကိုလည်း ဖျက်သိမ်းတာတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတာကိုလည်း တွေ့ရပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရုတ်၊ ရုရှားကဲ့သို့ စစ်အုပ်ချုပ်ရေး နိုင်ငံတွေကလွဲပြီး အနောက်နိုင်ငံတွေ အပါအဝင် အာဆီယံနိုင်ငံတွေကလည်း အားလုံးပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ရွေးကောက်ပွဲကိုသာ ကြိုဆိုကြောင်း သဘောထားပြထားကြပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာနဲ့ အာဆီယံဒေသတွေက အဖွဲ့အစည်းပေါင်း ၃၀၀ ကျော် ကလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြဖို့၊ ရလဒ်ကို လက်မခံကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားကြပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပသွားမယ်လို့ တရားဝင်ကြေညာထားပြီး စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၀၁၈ ယောက်နဲ့ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ၆၉၄ ယောက်၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၆၇၂ ယောက်တို့အပြင် နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော်နဲ့ တစ်သီးပုဂ္ဂလ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ထုတ်ပြန်ပါတယ်။
ပုံစာ – သေဆုံးသွားသည့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသန်းဝင်းနှင့် ကြံ့ခိုင်ရေးပါတီဝင်များ