AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)

AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး(ရုပ်/သံ)
ရန်ကုန်၊နိုဝင်ဘာ ၁၆

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ ယာယီ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ဝင်ရောက် နေရာယူသွားကြောင်း၊ ထိုသို့ မင်းပြင်ရွာစခန်းကို စစ်တပ်က ရရှိပြီးနောက် ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးရန်အတွက် စစ်သား ၂၀ ကျော်က ပြင်ဆင်နေခဲ့ကြောင်း၊ ယင်းအချိန် AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မင်းပြင်ရွာစခန်း အတွင်းရှိ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည့် နေရာသို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်သားအများအပြား သေဆုံးသွားကြောင်း သိရှိရသည်။
“ အဲဒီ မင်းပြင်ရွာ ရေဒါစခန်းကို AA ကသိမ်းထားတာ။ အင်အား အနည်းငယ်ပဲရှိတယ်။ အဲဒါကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒါကို စစ်တပ်က မနေ့က ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်း AA က လက်နက်ကြီးနဲ့ပစ်လိုက်တာ အကုန်ကြွကုန်တယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
မင်းပြင်ရွာစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်း ဖက်စစ်သား အနည်း ဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ၂၄ ဦးသေဆုံးသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျကို အတည်မပြုနိုင်သေးပေ။
ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေ တပ် နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ ကြည်းရေလေ အင်အားသုံးပြီး တန်ပြန်ထိုးစစ်များ ပြုလုပ်နေခြင်းဖြစ်သည်။
AA က ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိတွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားသည်။
AA က ရခိုင်တစ်ပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာလိုတော့ပြီး ထိုးစစ်များ အရှိန်မြှင့်တင်လျက်ရှိကြောင်း AA တရားဝင် ထုတ်ပြန် ကြေညာထားသည်။