ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်များကြောင့် ပြည်နယ် မတည်မငြိမ်ဖြစ်နေဟု နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မင်းအောင်လှိုင် ပြော
နိုဝင်ဘာ ၁၆၊ ၂၀၂၅
အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ကရင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူတွေဟာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောလာပြန်ပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနေ့ မနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ကို သွားရောက်ချိန် မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်က “တည်ငြိမ်အေးချမ်းမှုရှိမှသာ ပညာသင်ကြားနိုင်မယ်၊ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်။ ဒါ့ကြောင့် ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနေတဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် ဆောင်ရွက်နေတာတွေကို ပြည်နယ်အတွင်း နေထိုင်သူတွေက နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြဖို့လိုပါတယ်” လို့ ပြောခဲ့ပါတယ်။
တကယ်တမ်း အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ကရင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နေ့စဥ် ဗုံးကြဲသတ်ဖြတ်ကာ မြေပြင်မှာလည်း စစ်ရာဇဝတ်မှုများစွာကို မရေမတွက်နိုင်အောင် ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်အနီးက KK Park ကျားဖြန့်လုပ်ငန်းတွေကို ရှင်းလင်းသွားမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စစ်တပ်က ဖမ်းဆီး အရေးယူနေတာတွေဟာ ဟန်ဆောင် အဖမ်းပြနေတာသာဖြစ်ပြီး ကျားဖြန့်လုပ်ငန်း တာဝန်ရှိသူတွေထဲမှာ စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေလည်း ရှယ်ယာပါဝင်နေတယ်လို့ အများက ယုံကြည်ကြပါတယ်။
KK Park မှာ ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုထားတဲ့ BGF ကရင့်နယ်ခြားစောင့်တပ်ဟာ စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အဖွဲ့အစည်းဖြစ်ပြီး စစ်တပ် ခိုင်းသမျှတွေကို စိတ်ပါလက်ပါ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ မနေ့က စစ်တပ်ရဲ့ အုပ်ချုပ်ရေး ရာခိုင်နှုန်းပြည့် လည်ပတ်နေတဲ့ မော်လမြိုင်မြို့ကိုလည်း သွားရောက် လည်ပတ်ခဲ့ပြီး အခုလို ရွေးကောက်ပွဲနီးမှ ပြည်သူတွေကြားထဲ ရုပ်လုံးထွက်ပြနေတာဟာ တိုင်းပြည် အေးအေးချမ်းချမ်းရှိနေတယ်လို့ နိုင်ငံတကာက ယုံကြည်ပြီး အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံလာအောင် ဖန်တီးနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ထားကြပါတယ်။
ပုံစာ – နိုဝင်ဘာ ၁၅ ရက်တွင် အကြမ်းဖက်မင်းအောင်လှိုင် ဘားအံမြို့သို့ ရောက်ရှိနေစဥ်