ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ၊ စစ်သား အလောင်းများကို လမ်းဘေးတွင် ဖြစ်သလို စွန့်ပစ်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၆





မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်သား အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ထွတ်လာသော အင်အား ၄၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှတဆင့် ပေါက်မြို့နယ် တောင်ပိုင်းသို့ စတင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းတွင် အမှတ် ၁၄ ၊အမှတ် ၁၉ နှင့် ခမရ ၁၀၉ တပ်ရင်း မှ စစ်သားများ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် ရိုးကြီးရွာ အနောက်ဘက်တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ချက်ကန်ရွာမှ နေအိမ် ၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ကျောက်ကာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး သေဆုံးပြီး စစ်သားအလောင်းများကို တိုက်ပွဲဖြစ်ပွားနေရာများတွင် စွန့်ပစ်ထားခဲ့ကြောင်း၊ ထို့ပြင် စစ်သား ၁၀ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်များဖြင့်သယ်ထုတ်ကာ ပင်တောင် ပျူစောထီးရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် ထို စစ်တပ် စစ်ကြောင်းသည် အင်အား ၁၃၀ ခန့်ဖြင့် ပေါက်မြို့နယ် တောင်ပိုင်း သီးချောက်ရွာမှ အရှေ့အရပ်သို့ ဦးတည် စစ်ကြောင်းထိုးလာစဉ် ယောချောင်း၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ သေနတ် ၅ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-1 သေနတ် ၂ လက် ၊ MA 2 သေနတ် ၁ လက် ၊ MA 3 သေနတ် ၁ လက် ၊ကာဗိုင်သေနတ် သေနတ် ၁ လက် ၊ MA ကျည်ဘောက်ဝိုင်း ၃ ခု ၊ MA ကျည်ဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့် ၊ ၆၀ မမ ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅ လုံး ၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု) ၊ ကွန်ပျူတာ ၁ လုံး ၊ Biuetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက် ၊ ဖုန်း ၂ လုံး စစ်သုံးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု ၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁ လုံး အပါအဝင် ဆက်စပ်ပစ္စည်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သေဆုံးတာ မျက်မြင်ကတော့ ၁၇ ဦးပါ။ အထမ်းစင်တွေနဲ့ သယ်သွားတာလဲ အများကြီးရှိပါတယ်။ အရှင်ဖမ်းမိတာမျိုးကတော့ ၃ ဦး ရှိပါတယ်။ လက်နက်နဲ့ တကွ ကျွန်တော်တို့ ဖမ်းမိတာပါ။ လောလောဆယ်မှာတော့ သူတို့ကို စစ်သုံ့ပန်း ဥပဒေနဲ့ ထိန်းသိမ်းထားပါတယ် ” ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးလားသော ခမရ ၁၀၉ တပ်ရင်းမှ စစ်သား ၁ ဦးနှင့် ခမရ ၄၁၉ တပ်ရင်းမှ စစ်သား ၁ ဦးတို့ကို RPG ၁ လက် ၊ အဖူး ၄ ဖူး ၊ MA-4 ၁ လက်၊ 40 mm ဗုံး ၁၂ လုံး ၊ လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် ၁၀၀ တောင့် နှင့် G3 ကျည် ၁၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၉ ရက်နေ့ငလည်း စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ (ကျောက်ဆည်) တပ်ရင်းမှ စစ်မှုထမ်း သင်တန်းသစ် ၁ ဦးကို MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ 5.56 ကျည် ၁၀၀ ၊ အီနာဂါ တစ်လုံး ၊ လက်ပစ် တစ်လုံးနှင့် RPG ဖူး တစ်ဖူးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့-ပေါက် ပကဖ ၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းများနှင့် MGY PDF တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။