ကျားဖြန့်တိုက်ဖျက်ရေး မြန်မာအပါအဝင် ၆ နိုင်ငံ တရုတ်နိုင်ငံ၌ အရေးပေါ်အစည်းအဝေးကျင်းပ

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာအပါအဝင် ၆ နိုင်ငံ တရုတ်နိုင်ငံ၌ အရေးပေါ်အစည်းအဝေးကျင်းပ
နိုဝင်ဘာ ၁၅၊၂၀၂၅။
ဒေသတွင်းနိုင်ငံများတွင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းငွေလိမ်လည်မှုများ (ကျားဖြန့်) ကို ပူးပေါင်းတိုက်ဖျက်ရန် မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဥပဒေစိုးမိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ နိုဝင်ဘာလ ၁၄ ရက်နေ့က အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဦးဆောင်ကျင်းပမှုဖြင့် ပြုလုပ်ခဲ့သော ထိုအစည်းအဝေးတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ပူးတွဲစစ်ဆင်ရေးများ ဆောင်ရွက်ရေး၊ ပုံမှန်ညှိနှိုင်းရေး ယန္တရားများထူထောင်ရေး၊ သတင်းအချက်အလက်ဖလှယ်မှု မြှင့်တင်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အွန်လိုင်းငွေလိမ်လည်မှုနှင့်ဆက်စပ်သော ရာဇဝတ်မှုများသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိပြီး ပြည်သူများအတွက် ဘဏ္ဍာရေးနှင့် စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်စေလျက်ရှိကြောင်း အစည်းအဝေးတက်ရောက်လာသူများက အလေးပေးပြောကြားခဲ့ကြသည်။
ယခုနှစ်အတွင်း တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား သုံးနိုင်ငံညှိနှိုင်းမှု ယန္တရားတစ်ရပ် ထူထောင်ပြီး မြဝတီဒေသရှိ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းခဲ့ရာ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၅၅၀၀ ကျော်ကို မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နှင့် လာအိုရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ငွေလိမ်ဂိုဏ်းများကို ဝင်ရောက်စီးနင်းကာ သံသယရှိသူ ၆၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ တရုတ်-ဗီယက်နမ် ပူးပေါင်းစစ်ဆင်ရေးတွင် သံသယရှိသူ ၁၄၉ ဦးနှင့် တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုတွင် ၂၁၄၁ ဦးကို ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။
ထို ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး “ဇင်ယော်စစ်ဆင်ရေး” (Seagull Operation) ၏ ဒုတိယအဆင့် လှုပ်ရှားမှုများနှင့်လည်း ဆက်စပ်လျက်ရှိသည်။ တရုတ်အစိုးရသည် ယခုနှစ်အတွင်း သင့်လျော်သည့်အချိန်တွင် “ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်း” ကို မဲခေါင်ဒေသ ၆ နိုင်ငံနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
နယ်စပ်ဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရာတွင် နိုင်ငံတကာနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာနေရာများကို ရှင်းလင်းချေမှုန်းကာ ပြစ်မှုကျူးလွန်သူများကို မဖြစ်မနေ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။
Photo – China Daily