တပ်မ(၉၉)စစ်ကြောင်းထံက ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ ပေါက်ပကဖ သိမ်းရ

တပ်မ(၉၉)စစ်ကြောင်းထံက ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ ပေါက်ပကဖ သိမ်းရ
နိုဝင်ဘာ-၁၅၊ ၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မိတ္ထီလာမြို့အခြေစိုက်တပ်မ (၉၉)စစ်ကြောင်းရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(နိုဝင်ဘာ၁၅ရက်)မှာ ထုတ်ပြန်ပါတယ်။
တပ်မ(၉၉)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ရက်ကစပြီး အင်အား ၄၀၀ကျော်နဲ့ ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)က တဆင့် ပေါက်မြို့နယ်တောင်ပိုင်းကို ဝင်ရောက် စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
တပ်မ(၉၉)စစ်ကြောင်းမှာ အမှတ်(၁၄)ခြေမြန်တပ်ရင်း(ခမရ-၁၄)၊ခမရ(၁၉)နဲ့ ခမရ(၁၀၉)တပ်ရင်းစတဲ့ တပ်ရင်း ၃ရင်းနဲ့ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ကြောင်း ၃ကြောင်းခွဲ ဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်တာ တွေလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၃ရက်မှာ အင်အား ၁၅၀ခန့်ပါတဲ့ စစ်ကြောင်းတစ်ခုနဲ့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပေါက်မြို့နယ်တောင်ပိုင်း ကျောက်ကာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အလောင်းတွေကို တိုက်ပွဲဖြစ်ပွားရာ နေရာမှာထားခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားအလောင်း ၁၀လောင်းရပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ တပ်ဖွဲ့စည်းပုံပျက်ပြီး ပင်တောင်ပြည်သူ့စစ်ရွာကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြပါတယ်။
နိုဝင်ဘာ ၅ရက်မှာ သီးချောက်ရွာအနီးမှာ စစ်ကောင်စီတပ်က အင်အား ၁၃၀နဲ့ ဦးတည်စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပေါက်မြို့ နယ်တောင်ပိုင်းက ယောချောင်းမှာ တိုက်ပွဲဖြစ်တယ်လို့ အသိပေးပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားအလောင်း ​ခုနစ်လောင်းနဲ့ သေနတ်ငါးလက်အပါအဝင် ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တပ်မ(၉၉)စစ်ကြောင်းကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ပေါက်-ဆိပ်ဖြူတပ်ရင်းတွေ စုဖွဲ့ပြီးပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“အဲဒီစစ်ကြောင်းက ကပစ(၂၄)ဘက်ကို ရောက်သွားပြီ သိရတယ်။အဲဒီကတော့ ယောဘက်ကို ဆက်ဖောက်ဖို့ အင်အားအလွန်အကျွံသုံးဖို့ နဲ့ ပေါက်တောင်ဘက်ပိုင်းကို နယ်မြေရှင်းရင်းလာခဲ့တာ”လို့ ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက ပေါက်မြို့နယ်အနောက်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးတာ တွေလုပ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ အရေးပေါ်ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆော နဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။
(ပေါက်မြို့နယ်တောင်ပိုင်းတိုက်ပွဲအတွင်း တပ်မ(၉၉)ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – ပေါက် ပကဖ)