မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်တဲ့နယ်မြေအားလုံးနီးပါး ပြန်လက်လွှတ်ထားရပြီး စစ်တပ်ကအင်အားသုံးဝင်ရောက်နေ
မတ္တရာ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၅။




မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းနီးပါး ပြန်လည်လက်လွှတ်ထားရတယ်လို့ ဒေသကာကွယ်ရေး တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စစ်ကော်မရှင်ဘက်က လေယာဥ်၊ ဒရုန်းတွေအသုံးပြု တိုက်ခိုက်မှုတွေအပြင် အင်အားအများအပြားသုံးပြီးဝင်ရောက်လာနေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတော်တော်များများကို ပြန်လည်လက်လွှတ်နေရတာလို့ ဆိုပါတယ်။
“မတ္တရာမြို့နယ်တခုလုံးကိုတော့ အပြည့်အဝမထိန်းချုပ်နိင်သေးဘူး။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်းခန့်တော့ ထိန်းချုပ်နေပြီ။ အင်အားက ၄,၀၀၀ ကျော်လောက်ပါတယ်။ စဥ့်ကူးကိုတော့ ဝင်နိုင်တာမျိုးမရှိသေးဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်မှာတော့ မန္တလေး-စဥ့်ကူးလမ်းအတိုင်း စစ်ကြောင်းထိုးလာနေတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတခုက မတ္တရာမြို့နယ်မြောက်ဘက် ရေနံ့သာကျေးရွာအထိရောက်ရှိလာပြီး အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။
ရေနံ့သာကျေးရွာ အနီးမှာ ဒီလမ်းပိုင်းအတွက် အရေးပါတဲ့ ရေနံ့သာတိုးဂိတ်ရှိပြီး အဲ့ဒီကနေ ဆက်သွားမယ်ဆိုရင် အနောက်ဘက်မှာ စစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ချင်နေတဲ့ စကျင်ရွာရှိကာ စကျင်ရွာလမ်းခွဲအထိ စစ်ကော်မရှင်ဘက်ကအင်အားတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ MDY-PDF အပါအဝင် ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆည်တော်ကြီး ရေလှောင်တမံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို စစ်ကော်မရှင်ဘက်က ပြန်လည်ထိန်းချုပ်ထားပြီး အဆိုပါစစ်ကြောင်းကတော့ ထပ်မံစစ်ရေးလှုပ်ရှားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
မတ္တရာဘက်ခြမ်းကနေတဆင့် စဥ့်ကူးမြို့နယ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပေမယ့် နိုဝင်ဘာ ၁၅ ရက်နေ့အထိတော့ စဥ့်ကူးဘက်ခြမ်းကို ဝင်ရောက်လာနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေလည်းပါဝင်နေတာကြောင့် အဆိုပါမြို့နယ်တွေပြန်ရရေး စစ်ကော်မရှင်ဘက်က ကြိုးစားနေတာလို့ နယ်ခံတော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပုံစာ – ဆည်တော်ကြီးရေလှောင်တမံနဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကို စစ်ကော်မရှင်တပ်တွေပြန်လည်ထိန်းချုပ်သွားစဥ်။