မင်းအောင်လှိုင်က သားဖြစ်သူ၏ စီးပွားရေးလူယုံ မောင်မောင်နိုင်၊ ရွှေသံလွင် ကျော်ဝင်း၊ နေအောင် ၊ ဝင်းအောင်၊ အေးဝင်း၊ အိုက်ထွန်း အပါအဝင် ခရိုနီနှင့် သူဌေးများကို လူမှုထူးချွန် ဆုတံဆိပ်များ ပေးအပ်၊ စစ်တပ်ထောက်ခံသော အနုပညာရှင်များနှင့် သတင်းသမား၊ စာရေးဆရာများကိုလည်း ထူးချွန်ဆုများ ပေး
ရန်ကုန်၊ နိုဝင်ဘာ ၁၄ .








အကြမ်းဖက် မင်းအောင်လှိုင်က သားဖြစ်သူ၏ စီးပွားရေးလူယုံ မောင်မောင်နိုင်၊ ရွှေသံလွင် ကျော်ဝင်း၊ ဝင်းအောင်၊ အေးဝင်း၊ အိုက်ထွန်း အပါအဝင် ခရိုနီနှင့် သူဌေးများကို လူမှုထူးချွန် ဆုတံဆိပ်များ ပေးအပ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် Sky One ဆောက်လုပ်ရေးပိုင်ရှင်ဖြစ်သော်လည်း သူ၏ စီးပွားရေး လူယုံ မောင်မောင်နိုင်ကို နာမည်ခံခိုင်းထားကာ မင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားနေ့ ဂုဏ်ထူးဆောင်ဘွဲ့ အခမ်းအနားတွင် မောင်မောင်နိုင်(Sky One) ကို လူမှုထူးချွန်ဆု (ဒုတိယအဆင့်) ပေးအပ်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် မင်းအောင်လှိုင်က ရွှေသံလွင်ကျော်ဝင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် သိန်း၀င်းဇော်၊ UAB ဘဏ် ပိုင်ရှင် နေအောင် ၊ A Bank ပိုင်ရှင် အာယုတို့အပါအဝင် ခရိုနီတချို့ကို လူမှုထူးချွန်ဆု (ပထမအဆင့်) ပေးအပ်သည်။ အခြားသော စီးပွားရေးခရိုနီများဖြစ်သည့် UMFCCI ဥက္ကဋ္ဌ အေးဝင်း၊ EFD ကုမ္ပဏီအုပ်စုမှ စိုင်းမျိုးဝင်း၊ အောင်မြင်သူကုမ္ပဏီ လှမျိုး၊ မြန်မာသီလဝါကုမ္ပဏီ ပိုင်ရှင်လည်းဖြစ် ဒဂုံကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဝင်းအောင်၊ Grand Royal အောင်မိုးကျော်၊ ရွှေတောင်ကုမ္ပဏီမှ အောင်ဇော်နိုင် အပါအဝင် ခရိုနီတချို့ကို လူမှုထူးချွန်ဆု (ဒုတိယအဆင့်) များပေးအပ်သည်။
လူမှုထူးချွန်ဆု (တတိယအဆင့်)တွင်လည်း စီးပွားရေးသမားများစွာ ပါဝင်ပြီး ထင်ရှားသူများမှာ ရွှေတောင်ကုမ္ပဏီမှ အိုက်ထွန်း၊ BOC ဆီကုမ္ပဏီမှ ဝင်းဆွေ၊ မန္တလေးဘီယာကုမ္ပဏီမှ ထွန်းဝင်းတို့ အပါအဝင် စီးပွားရေးသမားများကို မင်းအောင်လှိုင်က ဆုပေးထားပြန်သည်။
စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသောMyanmar Narrative Think Tank မှ ဦးဆောင်သူ ကိုကို(စက်မှုတက္ကသိုလ်)ကိုမူ စာပေပညာထူးချွန်(ပထမ အဆင့်) ပေးအပ်ထားပြီး ကြေးမုံနှင့် မြန်မာ့အလင်း၊ New Light of Myanmar သတင်းစာ အယ်ဒီတာချုပ်ဟောင်းများကို စာပေထူးချွန်ဆု( ဒုတိယအဆင့်များ)ပေးအပ်ထားသည်။
စစ်တပ်ကို ထောက်ခံနေကြသည့် ဟာသသရုပ်ဆောင် ဒိန်းဒေါင် ၊ဒါရိုက်တာစင်ရော်မောင်မောင်၊ လူရွှင်တော် ငြိမ်းချမ်း၊ ဝေဠုကျော်၊ ခိုင်နှင်းဝေ၊
ထူးခန့်ကျော်၊ ချမ်းသာကြည်စိုး၊ ဟာသသရုပ်ဆောင် တိမ်ညွန့်၊ တင်မောင်ဆန်းမင်းဝင်း၊ ပတ္တမြားကေခိုင်၊ ဒါရိုက်တာ ကျော်ဇော်လင်း(အတွေးပုံရိပ်) ၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ ဒါရိုက်တာ ညိုမင်းလွင်တို့ကိုလည်း လူမှုထူးချွန်ဆုများ မင်ေးအာင်လှိုင်က ပေးအပ်ခဲ့သည်။