ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA
ဆက်ဆံရေး ပိုတင်းမာလာ
■MNDAAထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်
နိုဝင်ဘာ-၁၄၊၂၀၂၅။အိမ်သွင်/People’s Spring
လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဌဝတီမြစ်ကူ တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။
“တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်းသီပေါတံတားကိုပိတ်ပစ်တယ်။ MNDAAက ပိတ်တော့စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။
သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅
ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံအချို့ကပြောပါတယ်။တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။ ဒီနေ့မှာတော့ တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။
MNDAAအနေနဲ့ လူသိမခံချင်တဲ့တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေကရေးသားနေကြပါတယ်။ အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAAက တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်
အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။
လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားပါတယ်။
MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။
လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAA
က သီးခြားသတင်းထုတ်ပြန်မထားပါဘူး။ ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်
နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။
“တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။
(MNDAA နဲ့ စစ်တပ် က သီပေါတံတားကို နိုဝင်ဘာ ၁၄ ရက်မှာအပြန်အလှန်ပိတ်ထားစဥ်။
ရုပ်သံ-ဒေသခံ)