နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ စစ်တပ်၏ စခန်းကို PLA က ၀င်ရောက်စီးနင်းပြီး နေပြည် တော်ဝန်းကျင်အထိ PLA က ရောက်ရှိနေရာယူထားပြီဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၄













အကြမ်းဖက်စစ်တပ် အခြေစိုက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ စစ်တပ်၏ စခန်းကို PLA က ၀င်ရောက်စီးနင်းပြီး နေပြည်တော်ဝန်းကျင်အထိ PLA က ရောက်ရှိနေရာယူထားပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အကြားရှိ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အဆိုပါ စခန်းမှ စစ်သားများက PLA က ဝင်ရောက်စီးနင်းချိန် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ၊ ထို့ကြောင့် PLA က စခန်း၏ ကင်းကြည့်မျှော်စင်များ၊ဘန်ကာများကို ဖြတ်ကျော်ကာ စခန်းအတွင်းဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် စခန်းတစ်ခုလုံးကို ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစခန်းမှာ စစ်တပ်က ၂ နှစ်ဝန်းကျင် တပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း သုံးကြောင်းဖြင့် နယ်မြေစိုးမိုးရေးစစ် ကြောင်းထိုးနေစဉ် စစ်တပ်၏ အခြေပြုစခန်းတခုကို PLA မှ ၀င်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ထို့ပြင် နိုဝင်ဘာ ၁၃ ရက်နေ့တွင်လည်း အဆိုပါစခန်းတစ်ခုလုံးကို ထပ်မံ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကာ ကျည်အချို့၊ ငွေသားအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“ကျမတို့ PLA ရဲဘော်တွေချည်းပဲ ဝင်ရောက်စီးနင်းတာ။ အခြား ဘယ်တပ်မှ မပါပါဘူး” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော်က ရှင်းပြသည်။
လက်ရှိတွင် စစ်တပ်စစ်ကြောင်း ၂ ခုက သည် ရတနာမြေအခြေပြုလုံခြုံရေးစခန်း၏ အနီးကပ်ရွာ ၂ ရွာတွင် စစ်ကြောင်းထိုင်လျက်ရှိကြောင်း သိရှိရသည်။
PLA တပ်များအနေဖြင့် ပြောက်ကျားစနစ်ဖြင့် နေရာပေါင်းစုံသို့ ရောက်ရှိနေပြီး အချို့နေရာတွင်များ မဟာမိတ်တပ်များနှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ PLA က နေပြည်တော်ဝန်းကျင်အထိ ရောက်ရှိနိုင်ပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“PLA က ပြောက်ကျားစစ်ဆင်နေတာဆိုတော့ တချို့ဒေသတွေကို ဝင်ရောက် နေရာယူနေနိုင်ပြီ။ တချို့နေရာတွေကျတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတယ်။ အဲဒီနေရာကတော့ ဟိုတစ်ခေါက်ကတည်း ဗိုလ်ကြီးတွေ ဖမ်းမိတာတွေရှိသေးတယ်လေ။ အဲဒီနားက လှုပ်ရှားနယ်မြေပေါ့နော်။ ကျမတို့ ရဲဘော်တွေကတော့ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ကျမတော့ ချီးကျူးပါတယ်။ ကျမတို့မှာရှိတဲ့ အင်အားနဲ့ အမြဲတမ်းတိုက်ချင် ခိုက်ချင်စိတ်ရှိတယ်။ ပြည်သူဘက်က ကာကွယ်ပေးချင်စိတ်ရှိတယ်။ ဒီလောက် အင်အားကြီးမားတဲ့ ရန်သူတွေကို သတ္တိရှိရှိနဲ့ ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ တိုက်ပွဲတွေ ဖော်ဆောင်တဲ့အပေါ် သူတို့ကို လေးစားတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဝမ်းလည်းဝမ်းမြောက်မိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။