Breaking News- ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ စစ်သားများအားလုံး အလံဖြူထောင် ထိုင်းဘက်သို့ ထွက်ပြေး
ရန်ကုန်၊ နိုဝင်ဘာ ၁၄




တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့ ကို တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်း မောတောင်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောတောင်ရှိ နောက်ဆုံးကျန်ရစ်နေသော စစ်တပ်၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောတောင်မြို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မောတောင်မြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြို့ကတော့ ရသွားပြီ။ အခု ထိုင်းဘက်ကို စစ်ကားကြီး ၃ စီးနဲ့ စစ်သားတွေရော လက်နက်တွေ ရိက္ခာတွေရော သယ်ပြီး ပြေးကြပြီ။ ထိုင်းဘက်က အခု လက်နက်တွေ ရိက္ခာတွေနဲ့ စစ်သားတွေကို လက်ခံထားတယ်။ စစ်ဘေးရှောင်ပြည်သူတွေရှိနေတဲ့ ကြားထဲကနေ ထိုင်းဘက်ကို ပြေးကြတာ။ လက်နက်တွေကိုတော့ ထိုင်းစစ်တပ်က သိမ်းတယ်။ ဒီမနက်က အလံဖြူထောင်ပြီး စစ်သားတွေ ပြေးလာကြတာ” ဟု မျက်မြင်တွေ့ကြုံခဲ့သူ စစ်ဘေးရှောင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တော်လှန်ရေးတပ်များက မောတောင်မြို့ကို နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း လေကြောင်း အန္တရာယ်စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ မောတောင်မြို့မှ ပြည်သူ ၃၀၀၀ နီးပါး စစ်ဘေးရှောင်ရောက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အများအပြား ပါဝင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မောတောင်မြို့တွင် သိမ်းပိုက်ရရှိထားသော စစ်တပ်၏ လက်နက်ခဲယမ်းများနှင့် နယ်စပ်ဘက်သို့ ထွက်ပြေးသည့် စစ်သားများကို ထိုင်းစစ်တပ်က လက်နက်များသိမ်းယူ လက်ခံနေစဉ်။