ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီ အတွင်း တပ်စွဲထားသော စစ်တပ်ကို ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်မှစတင်ပြီး ဆားလင်းကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး အလုံး ၃၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေ ကို အတည်ပြုနိုင်ခြင်းရှိသေးဘဲ စစ်တပ်ကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဆည်ထဲရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“PDF က ဝမ်ပေါင်ထဲကို ရှော့တိုက်ဒုံး အလုံး ၃၀နဲ့ ပစ်တာ မနေ့က ည ၁၀ နာရီလောက်ကနေ ၁၁ ကျော်လောက်အထိကို ပြည်သူတွေက ပွဲဖြစ်တယ် ထင်ကြတာ စစ်ခွေးတွေကလည်း ပြန်ပစ်တယ် လက်နက်ကြီတွေနဲ့ ဆည်ထဲရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နေရာပေါင်းစုံမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကုမ္ပဏီဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးများလောင်ကျွမ်းခဲ့ ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အရေးပေါ် ဥဩစွဲသံများ တစ်ညလုံး ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားများ၊ စစ်ကားနှင့်ရဲကားများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏ ဆိုသလို လုပ်ဆောင်နေ၍ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။