ကန့်ဘလူမှာ စစ်အုပ်စုရဲ့ တပ်မ -၃၃ ကို စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်း၊ ဗျူဟာမှူးအပါအဝင် စစ်အုပ်စု ၅၀ခန့်သေဆုံးကာ သုံ့ပန်း ၁၅ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ကန့်ဘလူမှာ စစ်အုပ်စုရဲ့ တပ်မ -၃၃ ကို စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်း၊
ဗျူဟာမှူးအပါအဝင် စစ်အုပ်စု ၅၀ခန့်သေဆုံးကာ သုံ့ပန်း ၁၅ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
နန်းယု/MFP၊ နိုဝင်ဘာ – ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်နဲ့ ရွှေဘိုခရိုင်အတွင်း စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု တပ်မ ၃၃စစ်ကြောင်းကို နိုဝင်ဘာ ၁၂ရက် မနက် ၉နာရီ ဝန်းကျင်မှာ စစ်ကြောင်းပြိုကွဲကာ တပ်ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ဗျူဟာမှူးအပါစစ်အုပ်စု ၅၀ ခန့်သေဆုံး သုံ့ပန်း ၁၅ ယောက်ထက်မနည်းဖမ်းမိပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ကထုတ်ပြန်ပါတယ်။
ကန့်ဘလူနယ် ဝက်တိုးရွာ စစ်အုပ်စုအထိုင်စခန်းကနေ ခင်ဦးနယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုရဲ့တပ်မ- ၃၃၊ ခြေမြန်တပ်ရင်း (ခလရ -၁၁၁ )တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ကန့်ဘလူနယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။
“ကန့်ဘလူခရိုင်၊ရွှေဘိုခရိုင်များတွင် စစ်ကြောင်းထိုးပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသော အကြမ်းဖတ်စစ်တပ်ရန်သူစစ်ကြောင်းအား ယနေ့ (၁၂.၁၁.၂၀၂၅)ရက်တွင် ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နှင့် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကြောင်းအထိနာပြီး မိမိတို့ဘက်မှ သုံးပန်းနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါသည်။” လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲဟာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အုပ်စု စစ်ကြောင်းပျက်ကာ တပ်မ- ၃၃က စစ်ကြောင်းမှူးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သလို စစ်သုံ့ပန်း ၁၅ ဦး ဖမ်းမိထားပြီး ကျန်တပ်ဖွဲ့ဝင်တွေကတော့ ဝက်တိုးရွာ ပျူစခန်းထဲကို ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဘက်ကနေ MA – 1 နှစ်လက်၊ MA- 3 နှစ်လက်၊ MA- 4 တစ်လက်၊ G -3 ခုနှစ်လက်၊MA- 6 တစ်လက်၊MA n တစ်လက်၊ ကာဘိုင် ငါးလက်၊ စလေယာတစ်လက်၊ လေးလက်ဒရုန်း တစ်လက်၊ ဂျန်ဘာအကြီးတစ်လုံး၊ ပါဝါစတေရှင် တစ်လုံး၊ လက်တော့ပ် တစ်လုံး၊ ၄၀ မမ သီး တစ်လုံးနဲ့ အီနာဂါ တစ်လုံးစတဲ့ ကနဦး သိမ်းဆည်းရရှိထားပြီး နယ်မြေရှင်းလင်းရေးအကုန် မဝင်နိုင်သေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တက်လာတဲ့ ဂျိူင်ရိုကော်ပတာ သုံးစီးကလည်း ခင်ဦး- ကန့်ဘလူနယ်စပ်မှာ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ပေမဲ့အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ကန့်ဘလူခရိုင် ပကဖ) ၊ ကာဘိုးတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကာဘိုးတိုက်နယ် ပကဖ) ၊ ကျောက်တိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ကျောက်တိုင် ပကဖ)၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦးမြို့နယ်လက်ရုံး ပကဖ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ခင်ဦး ပကဖ) ၊ PDF နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပလဖစတဲ့ စုဖွဲ့တပ်ခွဲတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။