Breaking News- ကန့်ဘလူမှ ခင်ဦးဘက်သို့ စစ်ကြောင်းထိုးလာသော အင် အား ၁၀၀ ကျော်ပါ တပ်မ ၃၃ တပ်ကို တိုက်ခိုက်မှု စစ်ကြောင်းစုဖွဲ့မှု ပျက်ပြီး စစ်ကြောင်းမှူး အပါ စစ်သား ၅၀ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၅ ဦးနှင့် လက် နက်ခဲယမ်းများ ရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ခင်ဦးဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ကျော်ပါ တပ်မ ၃၃ တပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းစုဖွဲ့မှု ပျက်ပြီး စစ်ကြောင်းမှူးအပါ စစ်သား ၅၀ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၅ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ကန့်ဘလူမြို့ နယ်၊ ဝက်တိုးကျေးရွာ စစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၂ ဦးဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၁၁ စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာအနီးတွင် တော် လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၅၀ ဦးသေဆုံးကြောင်း၊ စစ်သုံ့ပန်း ၁၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်း ဆီးရရှိထားကြောင်း သိရှိရသည်။
လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် MA 1 ၂ လက်၊ MA 3 ၂ လက်၊ MA 4 ၁ လက်၊ G3 ၇ လက်၊ MA 6 ၁ လက်၊MA n ၁ လက်၊ ကာဘိုင် ၅ လက်၊ စလေယာ ၁ လက် ၊လေးလက်ဒရုန်း ၁ စင်း၊ ဂျန်ဘာ အကြီး ၁ လုံး၊ ပါဝါစတေရှင် ၁ လုံး၊ လက်ပ်တော့ ၁ လုံး၊ ၄၀ မမ ဗုံး ၁ လုံး၊ အီနာဂါ ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲမှာ စစ်ကြောင်းမှူး ငရဲ ရောက်သွားပါတယ်။ တချို့တဝက် စစ်ခွေးတွေကတော့ ဝက်တိုးခွေးအထိုင်ထဲ ပြန်ဝင်သွားနိုင်ခဲ့တယ်။ နမခကနေ တက်လာတဲ့ ဂျိူင်ရိုကော်ပတာ ၃ စီးဟာ ခင်ဦး ကန့်ဘလူနယ်စပ်မှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်ပြီး ပြန်ခေါက်သွားပါတယ်။ အထိအခိုက်မရှိပါဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါတိုက်ပွဲတွင် ကန့်ဘလူခရိုင် ပကဖ ၊ကာဘိုးတိုက်နယ် ပကဖ၊ကျောက် တိုင် ပကဖ၊ ရေဦးမြို့နယ်လက်ရုံး ပကဖ၊ ခင်ဦး ပကဖ၊ PDF ၊ပလဖ စုဖွဲ့တပ်ခွဲတို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၏ ကနဦး တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင်လည်း ကန့်ဘလူခရိုင်၊ရွှေဘိုခရိုင်များတွင် စစ်ကြောင်းထိုးပြီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသော စစ်တပ်စစ်ကြောင်းကို ယနေ့တွင် ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ် ၃ တပ်ရင်း-ခင်ဦး၊အမှတ်၂၅တပ်ရင်း-တန့်ဆည် နှင့် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။