မြန်မာစစ်တပ်နှင့်ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် အမေရိကန်က အရေးယူဒဏ်ခတ်

မြန်မာစစ်တပ်နှင့်ပူးပေါင်းနေသော DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် အမေရိကန်က အရေးယူဒဏ်ခတ်
🟥 အမေရိကန်က ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီး မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော ကျားဖြန့်အွန်လိုင်း ငွေလိမ်မှုများအတွက် DKBA တပ်ဖွဲ့နှင့် ခေါင်း ဆောင် ၄ ဦးဖြစ်သည့် စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ကို အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုအတွက် မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း၊ အမေရိကန်၏ ပိတ်ဆို့မှုတွင် DKBA ခေါင်းဆောင် ၄ ဦးဖြစ်သည့် စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနှင့် စောဆန်းအောင် တို့လည်း ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် DKBA နှင့် ပူးပေါင်းဆောင်ရွက်နေသော Trans Asia International Holding Group Thailand Company Limited နှင့် Troth Star Company Limited တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံသား Chamu Sawang တို့ကိုလည်း အရေးယူခဲ့ကြောင်း သိရှိရသည်။
ကျားဖြန့် စင်တာများတွင် လူမှောင်ခိုကူးခံရထားသော ဝန်ထမ်းများ လိမ်လည်မှုမှ ရရှိသော ဝင်ငွေများဖြင့် DKBA က ၎င်း၏ အန္တရာယ်ရှိသော လှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းရေးဆိုင်ရာ လက်ထောက်အတွင်းဝန် John K. Hurley က “မြန်မာနိုင်ငံကနေ လှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကတစ်ဆင့် အမေရိကန်တွေဆီက ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြပါတယ်။ ဒီကွန်ရက်တွေဟာ လူတွေကိုလည်း မှောင်ခိုကူးနေပြီး မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို ပိုပြီး မီးထိုးပေးနေပါတယ်။ ဒီ ဆိုင်ဘာရာဇဝတ်ကောင်တွေကို— သူတို့ ဘယ်နေရာမှာပဲ လှုပ်ရှားနေပါစေ— နောက်ယောင်ခံလိုက်ဖို့ နဲ့ အမေရိကန်မိသားစုတွေကို သူတို့ရဲ့ အမြတ်ထုတ်မှုကနေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းအပြင် အမေရိကန် FBI အပါအဝင် အစိုးရ အေဂျင်စီများ ပါဝင်သော လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ခိုက်ရေးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံသားများအပေါ် လိမ်လည်မှုများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်ရေးအဖွဲ့က မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကို အဓိကထား၍ အဆိုးရွားဆုံးသော အရှေ့တောင်အာရှမှ ကျားဖြန့်လိမ်လည်မှုစင်တာများနှင့် ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးရန်၊ တရားစွဲဆိုရန်အတွက် အစိုးရအေဂျင်စီများ၊ ထောက် လှမ်း ရေးအေးဂျင့်များနှင့် အစိုးရရှေ့နေများကို တာဝန်ပေးအပ်လိုက်ကြောင်း သိရှိရသည်။
ကျားဖြန့်လိမ်လည်မှုစင်တာ တိုက်ခိုက်ရေးအဖွဲ့တွင် အမေရိကန် OFAC၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများနှင့် ပူးပေါင်း၍ အစိုးရတွင်ရှိသော နည်းလမ်းအားလုံးကို အသုံးပြုကာ ပိတ်ဆို့အရေးယူမှုများ၊ ပိုင်ဆိုင်မှုသိမ်းဆည်းမှုများ၊ နှင့် လူပုဂ္ဂိုလ်များကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းများဖြင့်လိမ်လည်မှုစင်တာများကို တိုက်ဖျက်ရန်၊ အမေရိကန် အခြေခံအဆောက် အအုံများကို ကာကွယ်ရန် ၊ အများပြည်သူ ပညာပေးခြင်း နစ်နာသူများကို ကာ ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်က ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့ စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ နှင့် ၎င်း၏သားနှစ်ဦးဖြစ်သော စောထူးအယ်မူး နှင့် စောချစ်ချစ် တို့နှင့်အတူ အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် လူကုန်ကူးမှုနှင့် ဆိုင်ဘာလိမ်လည်မှုများ လွယ်ကူချောမွေ့စေရာတွင် ပါဝင်သည့်အတွက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်း (TCO) အဖြစ် သတ်မှတ်အရေးယူခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီ ၁၂ ခုနှင့် လူပုဂ္ဂိုလ် ၂ ဦး (BGF ခေါင်းဆောင် စောချစ်သူ၏ လက်အောက်ခံ ၂ ဦးအပါအဝင်) တို့ကို ထပ်မံ အရေးယူခဲ့သည်။
အဓိကအားဖြင့် အရှေ့တောင်အာရှအခြေစိုက် ကျားဖြန့်ရာဇဝတ်ကောင်များက ကြီးမားသည့် ဆိုက်ဘာလိမ်လည်မှုများဖြင့် အမေရိကန်နိုင်ငံသားများကို ပိုမိုပစ်မှတ်ထားလာကြကာ အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုများကြောင့် အမေရိကန်နိုင်ငံသားများ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး၊ ယခင်နှစ်ထက် ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား၍ ငွေကြေးများ ခိုးယူခဲ့သည့် ဆိုက်ဘာလိမ်လည်မှု လုပ်ဆောင်သည့်နေရာမှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် တည်ရှိသော Tai Chang Park ဖြစ်ပြီး ယင်းကျားဖြန့်စင်တာသည် DKBA ထိန်းချုပ်နယ်မြေတွင် တည်ရှိကြောင်း သိရှိရသည်။
Tai Chang ကျားဖြန့်စင်တာကို DKBA မှ စိုင်းကျော်လှ နှင့် Trans Asia တို့မှ စတင်တည်ထောင်ခဲ့ကြောင်း၊
DKBA သည် Tai Chang အဆောက်အအုံကို လုံခြုံရေးပေးကာ ဆက်လက် လည်ပတ်ခွင့်ပြုရုံသာမက အဆောက်အအုံအတွင်း ပိတ်မိနေသော လူကုန်ကူးခံရသူများအပေါ် အကြမ်းဖက်မှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
DKBA စစ်သားများသည် လက်ထိပ်ခတ်ထားသော လိမ်လည်မှုဝန်ထမ်းများကို ရိုက်နှက်နေသည့် ရုပ်သံများ ပေါ်ထွက်ခဲ့ပြီး လူကုန်ကူးခံရသူများကို လျှပ်စစ်ရှော့ခ်ရိုက်ခြင်း၊ အမှောင်ခန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် အခြား ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဤလိမ်လည်မှု လည်ပတ်မှုများတွင် ပါဝင်သည့်အတွက် DKBA မှာ ရန်ပုံငွေများ ရရှိကြောင်း ၊ DKBA မှာ တရုတ်နိုင်ငံမှ ရာဇဝတ်မှုကျူးလွန်သူများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး၊ လူ၊ လက်နက်၊ နှင့် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုများ၊ ငွေကြေးခဝါချမှုများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။
အမေရိကန်အစိုးရက Trans Asia ကုမ္ပဏီ ၊ Troth Star ကုမ္ပဏီ၊ DKBA တပ်ဖွဲ့နှင့် စိုင်းကျော်လှ တို့ကို အမေရိကန်၏ အမျိုး သားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒ ၊ စီးပွားရေးကျန်းမာရေး နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ခြိမ်းခြောက်သူများအဖြစ် သတ်မှတ် အရေးယူထားကြောင်း၊ ယင်းအပြင် DKBA ၏ စစ်ဦးစီးချုပ် စောစတီးလ်၊ DKBA ဗိုလ်ချုပ်ကြီး စောစိန်ဝင်း ၊ DKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်တို့ကိုလည်း အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားကြောင်း သိရှိရသည်။