အသက်တွေရင်းတိုက်ရတာဖြစ်လို့ လွတ်မြောက်နယ်မြေတွေ စစ်တပ်ဆီပြန်မရောက် ဖို့ အစွမ်းကုန်ကာကွယ်မယ်လို့ ချင်းညီနောင်ပြော

အသက်တွေရင်းတိုက်ရတာဖြစ်လို့ လွတ်မြောက်နယ်မြေတွေ စစ်တပ်ဆီပြန်မရောက် ဖို့ အစွမ်းကုန်ကာကွယ်မယ်လို့ ချင်းညီနောင်ပြော
နိုဝင်ဘာ-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring
လွတ်မြောက်ထားပြီးနယ်မြေတွေ စစ်ကောင်စီ လက်ထဲ ပြန်မရောက်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့အစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်ကနေ စစ်အင်အားအလုံအရင်းသုံးပြီး ချင်းပြည်နယ်က နယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဆလိုင်းယောမာန်က အခုလိုပြောပါတယ်။
စစ်ကောင်စီက အရင်ကထက်အင်အားတွေ များစွာ သုံးပြီး စစ်ဆင်ရေးလုပ်ဆောင်လာတဲ့အခါ အခက်အခဲတွေရှိပေမယ့် ချင်းညီနောင်အနေနဲ့လည်း မြို့သိမ်းစစ်ဆင်ရေးအောင်ပွဲအပြီးကတည်းက စစ်ကောင်စီထိုးစစ်ကို တုန့်ပြန်ဖို့ ကြိုတင်ပြင်ဆင်ထားကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။
” ကျနော်တို့ကတော့ ရှင်းရှင်းပြောမယ်ဆိုရင် လွတ်မြောက်အောင် တိုက်ထုတ်ပြီးသားနေရာတွေတော့ ပြန်မပေးချင်ဘူး။ ဒါက အသက်နဲ့ ရင်းပြီးအများကြီး တိုက်ယူခဲ့ရတာကိုး။ဆိုတော့ လွတ်မြောက်တဲ့နယ်မြေကတော့ အစွမ်းကုန်ကာကွယ်ရမှာပဲ။ အစွမ်းကုန် ဖြစ်နိုင်တဲ့နည်းနဲ့ ရုန်းကန်ရမှာပေါ့။ အဲဒီလိုမျိုးတော့ရှိပါတယ်။ အာမခံချက်တော့မရှိဘူးပေါ့နော်။ ဒါပေမဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အများကြီး အလုပ်လုပ်ရမှာပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းဖြစ်တဲ့တီးတိန်မြို့နယ် သိုင်းငင်းမြို့ဘက်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်က မြေပြင်စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကို လေကြောင်းက စစ်အင်အားဖြည့်တင်းပြီး တီးတိန်မှတဆင့် သိုင်းငင်းဘက်သို့ စစ်ကြောင်းထိုးလာရာ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။
တီးတိန်မြို့နယ်က ကနေဒီတောင်အပါအဝင် နယ်မြေအချို့ကို စစ်ကောင်စီဘက်က ပြန်လည် နေရာယူထားနိုင်ခဲ့ပါတယ်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်ပြီး စစ်ကောင်စီက မကွေးတိုင်း၊ ပခုက္ကူမှ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ကတဆင့် ပုံတောင်ပုံညာဒေသကို ထိုးစစ်ဆင်လာရာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ မြို့အချို့ကို ပြန်လည်ရယူထားနိုင်တဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ အောက်တိုဘာလကုန်မှာ TNLA တပ်ဖွဲ့နဲ့ အပစ်ရပ်စဲရေး လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ အပစ်ရပ်သဘောတူညီချက်မှာ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေက TNLAတပ်တွေဆုတ်ခွာပေးရမယ်ဆိုတာလည်း ပါရှိပါတယ်။
အဲဒီမြို့တွေကနေ TNLAတပ်တွေ စတင်ဆုတ်ခွာနေပြီး နိုဝင်ဘာလကုန် နောက်ဆုံးထား ဆုတ်ခွာရမယ်လို့ သိရကြောင်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ အရင်ရှိပြီးသား PDFတပ်ဖွဲ့အချို့ မြို့မှာ ဆက်လက်ရှိနေနိုင်တယ်လို့လည်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ အပစ်ရပ်နိုင်ခဲ့လို့ မြေပြန်နဲ့ ချင်းပြည်ကို စစ်အင်အား ပိုမိုဖြည့်တင်း ထိုးစစ် လုပ်လာတာ တွေ့ရတယ်လို့လည်းချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းညီနောင်နဲ့ မဟာမိတ်တွေဟာ ချင်းပြည်နယ် တောင်ပိုင်းက မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်နဲ့ ချင်းပြည်နယ် မြောက်ပိုင်းက ဖလမ်းမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
အဲဒီလို သိမ်းပိုက်ထားတဲ့ အထဲက ဖလမ်းမြို့နယ်ကို စစ်ကောင်စီက ပြန်ရဖို့စစ်ရေးပြင်ဆင်လှုပ်ရှားနေလို့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေပြင်းထန်လာမယ့် အခြေအနေရှိပါတယ်။
(မတူပီမြို့နယ်အခြေစိုက် အမှတ် (၃၀၄) ခြေမြန်တပ်ရင်းကို ချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်များ ၂၀၂၄ ဇွန်လ ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ – ချင်းညီနောင်)