ပုဇွန်တောင်မြို့နယ်ထွေ/အုပ်၏ ဒုအုပ်ချုပ်ရေးမှူး အောင်သူဖြိုးက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ၁ ဦးလျှင် သိန်း ၈၀ ကျော်ဖြင့် အရောင်းအဝယ်လုပ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး အောင်သူဖြိုးက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းလူစားထိုးအဖြစ် ၁ ဦးလျှင် သိန်း ၈၀ ကျော်ဖြင့် အရောင်းအဝယ်လုပ်နေကြောင်း ဖမ်းဆီးခံလူငယ်တချို့ ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး အောင်သူဖြိုးက ည ဘက်တွင် မြို့နယ်အတွင်းလှည့်လည်ကာ လူငယ်များကို ဖမ်းဆီးချုပ်နှောင်ပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၈၀ ကျော်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ စစ်မှုထမ်း တပ်သားအစားထိုးအဖြစ် ပြန်လည်ရောင်းစား နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပေါ်ထပ်၊ အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးရုံး နှင့် အမှတ် ၁၀ ရပ်ကွပ်အုပ်ချုပ်ရေးရုံးတို့ တွင် ချုပ်နှောင်ကြောင်း၊ ထိုသို့ ချုပ်နှောင်ထားသည့် လူငယ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ စစ်မှုထမ်း လူစားထိုး တပ်သားအဖြစ် တစ်ဦးလျှင်ငွေကျပ် သိန်း ၈၀ ကျော်ဖြင့် လစဥ်ရောင်းစားလျက်ရှိကြောင်း သိရသည်။
“ညဘက် ၁၁ နာရီခွဲ ၁၂ နာရီလောက်ဆို သူက ပေါ်တာဆွဲ ထွက်ဖမ်းတယ်။ တပတ်ကို ၄ ကြိမ်လောက်ဖမ်းပါတယ်။ လမ်းပေါ်တွေ့တဲ့ အရွယ်ကောင်းတွေဆို နည်းမျိုးစုံနဲ့ ဖမ်းပါတယ်။ မြို့နယ်ရဲတောင်မသိရပါဘူး။ ဘယ်သူမှ အသိမခံဘူး။ ဆိုင်ကယ်နဲ့ လိုက်ပတ်ဖမ်းတာပါ။ သူနဲ့သူ့တပည့် ဖက်တီးအပါအဝင် ၃ ယောက်ပါတည်းပဲ။ လတိုင်းလိုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူ့ဆီကနေ လူဝယ်ရတာ။ မဝယ် ရင် အုပ်ချုပ်ရေးမှူးတွေကို ပြသနာရှာတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း သူကရှာကျွေးထား တော့ ကာကွယ်ပေးထားတယ်။ အထက်ကို တိုင်စာပို့လည်း ထိရောက်မှုမရှိပါဘူး” ဟု ဖမ်းဆီးခံလူငယ် ၁ ဦး၏ ဦးလေးက ပြောဆိုသည်။
ထို့သို့ ဖမ်းဆီးရောင်းစားခံရသည့် လူငယ် ၂၀ ကျော်ရှိကြောင်း သိရှိထားရသော်လည်း ယခုအရေအတွက်ထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ထို့အပြင် အောက်ပုဇွန်တောင်လမ်းမကြီး ရှိ တရားမ၀င် လူတန်းစားပေါင်းစုံ လူဦးရေ ၂၀၀ ကျော်နေ ထိုင်သော အမှတ် ၂၄၂ ရှိ ကုလားမကြီးအဆောင်မှလည်း ဧည့်စာရင်းခ ဟုဆိုကာ လစဥ်ငွေကြေးများတောင်းခံခြင်း၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Ocean Pearl Inn ၊ ဗိုလ်ချုပ်လမ်း ရေကျော်စျေးထိပ်ရှိ အောင်စည်တည်းခိုခန်း နှင့် ဇီဇ၀ါလမ်းရှိ လောင်းကစားရုံများမှ လစဉ်၊ အပတ်စဥ် လိုင်းကြေးများကောက်ခံလျက်ရှိကြောင်း သိရသည်။
အလားတူ တရား၀င်ဖွင့်လှစ်ထားသော ဘီယာဆိုင်များကိုလည်း တရားမ၀င် ၁ ဦးတည်း ဧည့်စာ ရင်းများ၀င်စစ်၍ အရက်လိုင်စင်များသိမ်းကာ ထွေအုပ်ရုံးသို့ခေါ်ယူပြီး မတရားငွေညှစ်ခြင်း၊ မတရား အလှူငွေများ ခဏခဏကောက်ခံခြင်း၊ အစား အသောက်များ အလကားယူဆောင်စားသောက်ခြင်း များလည်း အမြဲတမ်းလိုလို လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရသည်။
ထို့အပြင် အခြေခံလူတန်းစားများ စုစည်းဌားရမ်းနေထိုင်သော အိမ်ခန်းများ၊ လက်လုပ်လက်စားများနေထိုင်သော အဆောင်များ၊ အရက်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ရပ်ကွက်အုပ်ချူပ်ရေးမှူးများ အား အသိပေးခြင်းမရှိဘဲ ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။