TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို၊ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေရန် ခရိုင်ပကဖနှင့်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြု
ရန်ကုန်၊ နိုဝင်ဘာ ၁၂


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်း TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့မှ ABSDFနှင့် PDF တို့ကို KIA က စစ်ရေး ကူညီမည်ဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။
မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး ABSDF ၊ PDF တို့နှင့်အတူ ပူးတွဲရှိနေကြောင်း၊ တပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီး အခြေချထားကြောင်း၊ KIA အနေဖြင့် TNLA ဆုတ်ခွာမည့် မိုးမိတ်မြို့နှင့်ပတ်သက်၍ စစ်ရေးအရ ဆောင်ရွက်ရန် မရှိသော်လည်း ABSDF နှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာလျှင် KIA က ကူညီသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
“မိုးမိတ်မြို့နယ်ထဲမှာ ကျနော်တို့ KIA တပ်ရင်း ၃၄ ရှိတယ်။ KIA PDF တပ်ပေါင်းစု အတူအတူနေတယ်။ အခြေချထားတယ်။ မိုးမိတ်မြို့နဲ့ပတ်သက်လို့ သီးသန့် KIA ကတော့ ဘာမှ လုပ်ဖို့မရှိဘူး။ ဒါပေမယ့် မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း မိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ မည်သို့ပင် အခက်အခဲဖြင့် ကြုံတွေ့စေကာမှု ပြည်သူနှင့်တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း၊ ထို့အပြင် စစ်ကော်မရှင်လက်အောက်သို့ မကျရောက်စေရန်နှင့် တော်လှန်ရေး အောင်မြင်မှု ပန်းတိုင်ဆီသို့ အမြန်ဆုံး ရောက်ရှိစေရန် တော်လှန်ရေးညီနောင် မဟာမိတ်များနှင့်အတူ ပူး ပေါင်း ၍ အောင်မြင်မှု ရသည်အထိ ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။
TNLA က အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲလိုက်ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ပြန်လည် ဆုတ်ခွာမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။