ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ် နှင့် ရခိုင်-ဧရာ၀တီအစပ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလံဖြူထောင်သူ၊ ဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူ တပ်ဖွဲ့ဝင် ၇၁ ဦးကျော်ကို AA က ဖမ်းဆီးရရှိ၊ စစ်သုံ့ပန်းများတွင် ပေါ်တာဆွဲခံရသော အသက် ၁၈ နှစ်မပြည့်သေးသော အထက်တန်းကျောင်းသားများ ပါဝင်
ရန်ကုန်၊ နိုဝင်ဘာ ၁၂




ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ် နှင့် ရခိုင်-ဧရာ၀တီအစပ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလံဖြူထောင် အလင်းဝင်သူ၊ ဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူ တပ်ဖွဲ့ဝင် ၇၁ ဦးကို AA က ဖမ်းဆီးရရှိထားကြောင်း AA က ယမန်နေ့ညပိုင်းသတင်းထုတ်ပြန်သည်။
ရခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်-မကွေးတိုင်းအစပ်နှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်ကော်မရှင်၏ ထိုးစစ်များကို အာရက္ခတပ်တော်က ခုခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် အကောင်းဆုံးတုံပြန်လျက်ရှိကြောင်း၊ စစ်ကော်မရှင်၏ မတရားသဖြင့် အတင်းအဓမ္မစစ်မှုထမ်းရန် စုဆောင်းခြင်းခံရသော တပ်ဖွဲဝင်သစ်များသည်လည်း တိုက်ခိုက်လိုစိတ်မရှိဘဲ တိုက်ပွဲဖြစ်ပွားရာနေရာများမှ အခွင့်အရေးရလျှင်ရသလို နေ့စဉ်နှင့်အမျှ ထွက်ပြေးလျက်ရှိကြောင်း၊ ထိုအပြင် စစ်တပ်ဘက်မှ စစ်သားများမှာ အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လျက်ရှိကြောင်း၊ ထို့အတူ အချို့သော စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်များကို တိုက်ပွဲအတွင်း (လက်နက်ဖြင့် (သို့မဟုတ်) လက်နက်မဲ့) လက်ရဖမ်းဆီးရမိခဲ့ကြောင်း AA က ဆိုသည်။
ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ကပစ ၁၆ အနီးတိုက်ပွဲများအတွင်းမှ စစ်တပ်ဘက်မှ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦးအထိ ရှိခဲ့ကြောင်း၊ ထိုအပြင် အခြားသော စစ်မြေပြင်တစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ညောင်ကျိုးကျေးရွာအနီး လေလာတောင် ပတ် ဝန်းကျင်အနီး တိုက်ပွဲများမှလည်း စစ်တပ်ဘက်မှ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ စုစုပေါင်း ၁၀ ဦးရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ကပစ ၁၆ အနီး ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်တပ်၏ ခမရ ၃၆၃ တပ်ရင်းမှ စစ်သား ၄ ဦးကို လည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း ၊နိုဝင်ဘာလ ၈ ရက်နေ့၊ နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ် ၏ အမှတ် ၉ စစ်မြေပြင်ဆေးတပ်ရင်း၊ ခိုလန် အခြေစိုက်တပ်မှ တပ်ကြပ် မျိုးမင်းထွန်းက အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
အလားတူ အောက်တိုဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းမြိုနယ်၊ သာပေါင်းကလေးကျေးရွာအနီး နှင့် လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာများအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်တပ်ဘက်မှ ထွက်ပြေးလာပြီးနောက် AA ထံတွင်ဖမ်းဆီးခံရသူ စစ်သား ၂၀ ကျော်နှင့် လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ ကျော်အထိရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်သားများမှာ ခမရ ၄၊ ခမရ ၅၊ ခမရ ၆ ၊ ခမရ ၁၀ ၊ ခလရ ၃၅ ၊ ခလရ ၈၀ အစရှိသော တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများ နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၆၃ အိမ်မဲ၊ ခလရ ၂၇၁ ပုသိမ် အစရှိသောတပ်ရင်းများမှ ထွက်ပြေးလာကြသောသူများနှင့် လက်နက်ချ အလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်ရောက်လာသောသူများနှင့် ဖမ်းဆီးရမိသော စစ်သားများ အားလုံးနီးပါးမှာ ယခုနှစ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရသော စစ်သင်တန်းဆင်းများဖြစ်ကြပြီး အချို့မှာ အသက် ၁၈ နှစ် မပြည့်သေးသောသူများ၊ အထက်တန်းတက်နေကြသော ကျောင်းသားများဖြစ်ကြကြောင်း သိရှိရသည်။