စစ်တပ်က လိုအပ်နေသော နိုင်ငံခြားငွေ မရရှိမှုအတွက် ဟွန်ဒီဖြင့် လုပ်ခလစာများကို ငွေလွှဲနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကို အရေးယူရန် ညွှန်ကြား
ရန်ကုန်၊ နိုဝင်ဘာ ၁၀
အကြမ်းဖက်စစ်တပ်က လိုအပ်နေသော နိုင်ငံခြားငွေ မရရှိမှုအတွက် ဟွန်ဒီဖြင့် ငွေလွှဲနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကို အရေးယူရန် ညွှန်ကြားထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။
ပြည်ပရောက် လုပ်ခ၊ လစာ နိုင်ငံခြားငွေများကို တရားမဝင် ငွေလွှဲလမ်းကြောင်း ဖြစ်သည့် ဟွန်ဒီဖြင့် လွှဲနေသော မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ခြင်း အပါအဝင် အရေးယူမှုများ ဆောင်ရွက်နေပြီး အခြားတစ်ဖက်တွင်လည်း အလုပ်သမားစေလွှတ်ခဲ့သော ပြည်ပအလုပ်အကိုင်အေဂျင်စီများကိုလည်း လိုင်စင်ပိတ်သိမ်းအရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က လိုအပ်နေသော နိုင်ငံခြားငွေ ရရှိရေးအတွက် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်ရရှိလာရေး စစ်တပ်က ကော်မတီဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်နေကြောင်း စစ်တပ်ထုတ်ပြန်သော ပြန် တမ်းအရ သိရှိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် စစ်တပ်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်စေရေး ကြီးကြပ်မှုကော်မတီကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ယခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်စေရေး ကြီးကြပ်မှု ကော်မတီတွင် အကောက်ခွန်ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စစ်တပ်၊ ရဲ၊ စစ်ထောက်လှမ်းရေး၊ စသုံးလုံး၊ ဗဟိုဘဏ်နှင့် အလုပ်သမားဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုညွှန်ကြားရေးမှူးချုပ်များက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီက ပြည်ပရှိ အလုပ်သမားများထံမှ လုပ်ခလစာဝင်ငွေများကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းပေးရာတွင် တရားမဝင် ငွေလွှဲလမ်းကြောင်းကို အသုံးမပြုဘဲ တရားဝင်ဘဏ်လမ်းကြောင်းမှ လွှဲပို့စေရေး၊ လုပ်ခလစာများ ပိုမိုဝင်ရောက် လာစေရေးအတွက် သံရုံး၊ စစ်သံရုံးနှင့်ကောင်စစ်ဝန်ရုံးများက စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုထံသို့ ပြန်လည် လွှဲ ပြောင်းရေးအတွက် အလုပ်သမားစေလွှတ်ခဲ့သော အေဂျင်စီများက တာ၀န်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ပသို့ ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် လိုင်စင်ရ ကုမ္ပဏီများနှင့်ဘဏ်စနစ် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ယင်းအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင် လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများကို အရေးယူရန်နှင့် ယင်းသို့ ဆောင်ရွက်နေသည့် အေဂျင်စီများကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားသည်။
“အခု အလုပ်သမားအေဂျင်စီတွေအနေနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက လုပ်ခလစာ ၂၅ ရာခိုင်နှုန်းဝင်ရောက် အောင် မလုပ်နိုင်ရင် အေဂျင်စီပိတ်သိမ်းခံရတာတွေ၊ အရေးယူခံရတာတွေ အများကြီးရှိနေတယ်။ လိုင်စင်ပိတ်သိမ်းခံရတဲ့ အေဂျင်စီတွေ တော်တော်များတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ၂၅ ရာခိုင်နှုန်း ပြည်တွင်းပြန်လွှဲပါဆိုပြီး ပြောဖို့ကလည်း တော်တော်ကို ခက်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။