စစ်အာဏာရှင်ဟောင်းရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို အမှုထပ်တိုး

စစ်အာဏာရှင်ဟောင်းရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို အမှုထပ်တိုး
နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
စစ်တပ်က ထောင်ချထားတဲ့ စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမက် ဒေါက်
တာနေစိုးမောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုထပ်တိုးထားတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး အမှုစစ်တာကိုတော့ ထောင်တွင်းတရားရုံးမှာပင် စစ်ဆေးနေတာပါ။
“တရားလိုစစ်ရောက်နေပြီ၊ အရင်ဖမ်းခံရတဲ့ အကြောင်းအရာနဲ့ပဲထပ်ပြီး ထပ်စွဲခံရတာ”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဘာကြောင့်အမှုထပ်တိုးလဲဆိုတာကိုတော့ အသေးစိတ်မသိရပါဘူး။
ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၅၀၅(က) နဲ့ အခုနှစ် ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် သုံး နှစ်ချပြီး အိုးဘိုထောင်မှာ အကျဉ်းချထားတာပါ။ ဒါ​ပေမယ့် မတ် ၂၈ ငလျင်ကြီးလှုပ်ပြီး​နောက် ပိုင်းအင်းစိန်​ထောင်ကို ပြောင်း​ရွေ့ခဲ့ပါ​သေးတယ်။
ဒေါက်တာနေစိုးမောင်ဟာ လူမှုကွန်ရက်ကနေ နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်တယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းဖမ်းဆီးခဲ့တာပါ။
သူ့ဟာစစ်ကောင်စီ အကျဉ်းချထားတဲ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေး တိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ ဆုံးပါးသွားတာကို လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပြီးနောက် ဖမ်းဆီးခံရတာပါ။
ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုအပေါ် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင်၊ လွတ်လပ်တရားမျှတပြီး လူကိုလူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ” လို့ ဒေါက်တာ နေစိုးမောင်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့တာရှိပါတယ်။
စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့က လှုံ့ဆော်ခဲ့ဖူးပါတယ်။
စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်း ပြီးနောက် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ အတူ လမ်းပေါ်မှာ ဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရပါတယ်။
ဓာတ်ပုံ – Dr.Nay Soe Maung/FB