စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါအဝင် နာမည်ကျော်အနုပညာရှင်များကို စတင် ဖိအားပေး ပါဝင်ခိုင်း၊ မင်းသမီး ဖွေးဖွေးကို စစ်တပ်က ခေါ်ယူမေးမြန်း
ရန်ကုန်၊ နိုဝင်ဘာ ၇



အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါ အဝင် နာမည်ကျော်အနုပညာရှင်များကို စတင် ဖိအားပေး ပါဝင်ခိုင်းနေပြီဖြစ်ကြောင်း အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ချုပ်အေးကြွယ်က ရန်ကုန်မြို့ရှိ ရုပ်ရှင်လုပ်ငန်းရုံးတွင် ရုပ်ရှင်အသိုင်းအ၀ိုင်းကို ခေါ်ယူတွေ့ဆုံပြီး လာမည့် ရွေး ကောက် ပွဲအတွက် စစ်တပ်က ပြုလုပ်မည့် ဝါဒဖြန့် အလိမ်အညာ စည်းရုံးရေးများတွင် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာသော အနုပညာရှင်၊ သရုပ်ဆောင်များပါ မကျန် ပါဝင်ရမည်ဖြစ်ကြောင်း အကယ်၍ ငြင်းဆန်လျှင် အထက်အမိန့်အရ အရေးယူမည်ဟု ဖိအားပေးပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ စစ်တပ်၏ ဝါဒဖြန့်လှုပ်ရှားမှုများတွင် ပါဝင်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးဖို့၊ ထောက်ခံဖို့အတွက် ပြည်တွင်း အနုပညာရှင်တွေ ဖိအားပေး လာခြင်းအပေါ် တချို့ အနုပညာရှင်တွေ ပါဝင်ရိုက်ကူးမှုတွေ ဖြစ်လာတယ်။ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊နဲ့ လူမင်း အပါအဝင် သရုပ်ဆောင်တွေ အနုပညာရှင်တွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရိုက်ကူးပေးကြရတယ်။ အဲဒါအပြင် ဒါရိုက်တာ မီးပွား၊ ဝိုင်း၊ ဩရသ နဲ့ ဝင်းလွင်ထက်တို့က ရိုက်ကူးပေးနေရတယ်။ လူမင်းက သရုပ်ဆာင် အနေနဲ့ ရိုက်ပေးတာမဟုတ်ဘဲ ဒါရိုက်တာအနေနဲ့ လုပ်ပေးမယ် ဆိုပြီး ရှူတင်ကို ရောက်လာပေမယ့် ရှူတင်ကနေ ထွက်သွားတယ်လို့ သိရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
သရုပ်ဆောင် မင်းသမီး ဖွေးဖွေးမှာမူ စစ်တပ်၏ ဝါဒဖြန့် လှုပ်ရှားမှုတွင် ပါဝင်ရန် ဆင့်ခေါ်မှုကို မလာရောက်သဖြင့် ပြင်ဦးလွင်တွင် ဇတ်ကားရိုက်ကူးနေစဉ် ခေါ်ယူမေးမြန်းခံခဲ့ရကြောင်း၊ သို့ရာတွင် ဖမ်းဆီးခြင်းမရှိဘဲ ဝါဒဖြန့် လှုပ်ရှားမှုတွင် ပါဝင်ပါမည်ဆိုသော ခံဝန်ချက်ဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာ ရိုက်ကူးရေး လုပ်ရင်း ခေါ်စစ်ခံရတာ။ ဖမ်းတာတော့ မဟုတ်ဘူး။ စစ်တပ် ခေါ်တာ မရိုက်ပေးလို့ ခေါ်မေးတာ။ အခုတော့ မေမြို့မှာ ဇာတ်ကားရိုက်နေတယ်” ဟု အနုပညာရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း သရုပ်ဆောင် မော်ဒယ် မင်းသား အလင်းရောင်ကိုလည်း စစ်တပ်က ခေါ်ယူ မေးမြန်းမှုများရှိသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
အကြမ်းဖက်စစ်တပ်၏ အလိမ်အညာ ဝါဒဖြန့် ရွေးကောက်ပွဲနှင့်ပတ်သက်သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ပြည်သူများက ၀ိုင်းဝန်း ဆန့်ကျင်သပိတ်မှောက်မှု အရှိန်တက်လာချိန်တွင် စစ်တပ်က အခြားသော အနုပညာရှင်များနှင့် သရုပ်ဆောင်များကိုပါ ဖိအားပေးလာခြင်းဖြစ်သည်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေးကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ယင်းအပြင် အနုပညာရှင်များနှင့် သရုပ်ဆောင်များ၊ အဆိုတော်များကို စစ်တပ်ထံသို့ ကြိုတင် အကြောင်းကြားခြင်းနှင့် ခွင့်ပြု ချက်မယူဘဲ ပြည်ပသို့ ထွက်ခွာခွင့်မပြုတော့ကြောင်း၊ ပြည်ပထွက်ခွာမည်ဆိုလျှင် ခွင့်ပြုချက်ယူရမည့်အပြင် ပြန်လာရန်ကိုလည်း ကတိဝန်ခံချက် ထိုးရမည်ဖြစ်ကြောင်း၊ အကယ်၍ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစားပါက လေဆိပ်မှ လှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လေဆိပ်မှ လှည့်ပြန်ရသော အနုပညာရှင်များရှိနေကြောင်း စစ်လော်ဘီ အဆိုတော်ယုန်လေး၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် ပြည်ပထွက်ရန် ငြင်းဆိုခံရသော အနုပညာရှင်တချို့ထံမှ သိရှိရသည်။