မင်းအောင်လှိုင်က နူကလီးစွမ်းအင် အကောင်အထည်ဖော်ရေး အတွက် ဝန်ကြီး ၁၃ ဦးပါ အမျိုးသားကော်မတီဖွဲ့စည်းပြီး လိုအပ်နေသည့် ရန်ပုံငွေနှင့်ဘဏ္ဍာရေးအရင်းအမြစ်များကို ရှာဖွေနေ
ရန်ကုန်၊ နိုဝင်ဘာ ၆
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နူကလီးစွမ်းအင် အကောင်အထည်ဖော်ရေးအတွက် ဝန်ကြီး ၁၃ ဦးပါ အမျိုးသားကော်မတီဖွဲ့စည်းပြီး လိုအပ်နေသည့် ရန်ပုံငွေနှင့်ဘဏ္ဍာရေးအရင်းအမြစ်များကို ရှာဖွေရန် သတ်မှတ်လုပ်ဆောင်နေကြောင်း စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။
မင်းအောင်လှိုင်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အမျိုးသားအဆင့် နူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် ဝန်ကြီး ၁၃ ဦးကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်တာဝန်ပေးထားကြောင်း သိရှိရသည်။
အဆိုပါ နူကလီးယားစွမ်းအင် ကော်မတီက မြန်မာနိုင်ငံတွင် နူကလီးစွမ်းအင် အစီအစဉ်များ စတင်နိုင်ရေး ဦးစီးဆောင်ရွက်ခြင်း၊ နူကလီးယား စွမ်းအင်အစီအစဉ်အကောင်အထည်ဖော်ရာတွင် ဦးဆောင်မှုပေးခြင်းနှင့် လိုအပ်သော ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ နူကလီးယားစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် လမ်းညွှန်ပေးခြင်း ၊ နူးကလီးယားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ လိုအပ်ချက် သတ်မှတ်ရေးနှင့် နူကလီးယားစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိနိုင်မည့် အရင်းအမြစ်များ ရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် မင်းအောင်လှိုင် ဦးဆောင်သော နူကလီးယား ကော်မတီက လုပ်ငန်းကော်မတီတစ်ရပ်ကို ထပ်မံဖွဲ့စည်းထားပြီး သိပ္ပနှင့် နည်းပညာဝန်ကြီးကို ဦးဆောင်ခိုင်းထားသည်။
၂၀၂၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံတွင် ရုရှားက မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်ရန်နှင့် အဆိုပါ ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ လျှပ်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေး နူကလီးယားဓာတ်ပေါင်းဖို အဆင့်တိုးမြှင့်နိုင်သွားရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ရုရှားက နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး နှင့် လည်ပတ်ရေးတို့ကို ရုရှားပညာရှင်များနှင့်အတူ မြန်မာနိုင်ငံမှ စစ်အရာရှိများကို ပူးတွဲ သင် ကြားပြသပေးသွားမည်ဖြစ်ပြီး စစ်အုပ်စုက နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှု အဆင့်လိုက်ချင်းစီအတွက် စစ်အုပ်စုက ရုရှားထံသို့ ငွေကြေးပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ ယခုနှစ် စက်တင်ဘာလ ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အငယ်စားလျှပ် စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်နိုင် ရေးအတွက် လိုအပ်သည့်နျူကလီးယားအခြေခံအဆောက် အဦ၊ လူ့စွမ်းအားအရင်း အမြစ်များနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ ဆက်လက်ကူညီပေးပါရန် မင်းအောင်လှိုင်က ရုရှားအစိုးရကို မေတ္တာရပ်ခံခဲ့သည်။