ရန်ကုန်၊ သမိုင်းလမ်းဆုံတွင် ပျူစောထီးနှင့်စစ်တပ်က ပြည့်တန်ဆာများအသုံးချ၍ လူငယ်များကို သွေးဆောင်ဖြားယောင်းကာစစ်မှုထမ်းအဖြစ် ဖမ်းဆီးငွေညှစ်မှု၊ စစ်မှုမထမ်းလိုလျှင် လူငယ် ၁ ဦးလျှင် ၂၅ သိန်းဖြင့် ရွေးခိုင်း
🟥 ဝမ်းတွင်းတွင်လည်း လူငယ် ၁၀ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
ရန်ကုန်၊ နိုဝင်ဘာ ၆
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ပျူစောထီးနှင့် စစ်တပ်က ပြည့်တန်ဆာများ အသုံးချ၍ လူငယ်များကို သွေးဆောင်ဖြားယောင်းပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီးခြင်းနှင့် ငွေညှစ်မှုများ လုပ်ဆောင်လာကြောင်း ဖမ်းဆီးခံလိုက်ရသော လူငယ်တချို့၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်တွင် နေထိုင်သော အသက် ၁၉ နှစ်အရွယ် လူငယ် ၁ ဦးက သူ၏ သူငယ်ချင်း ၃ ဦးနှင့်အတူ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း တန်ဆောင်တိုင်ပွဲနှင့်စျေးရောင်းပွဲ သွားရောက်မည်ဟုဆိုကာ ထွက်ခွာသွားကြောင်း၊ ယင်းနောက် ည ၉ နာရီ ၃၀ မိနစ်အချိန် လူငယ်၏ လက်ကိုင်ဖုန်းမှတစ်ဆင့် လုံခြုံရေးတာဝန်ရှိသူတစ်ဦးဟုဆိုကာ ဖုန်းဖြင့် မိသားစုထံသို့ ဆက်သွယ်လာပြီး စစ်မှုထမ်းအဖြစ် စုဆောင်းမခံရလိုပါက လူငယ် ၁ ဦးလျှင် ငွေကျပ် ၂၅ သိန်းဖြင့် လာရောက် ရွေးယူခိုင်းကြောင်း၊ သမိုင်းလမ်းဆုံ ကောင်းကြိုက်ဒံပေါက်ရှေ့တွင် ပြည့်တန်ဆာအမျိုးသမီးတစ်စုက စျေးသက်သက် သာ သာဖြင့် ပျော်ပါးနိုင်သည်ဟုဆိုကာ လူငယ်များကို ခေါ်ဆောင်သွားပြီးနောက် စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ လူငယ်က ပြန်လည် ရှင်း ပြလာကြောင်း သိရှိရသည်။
“ကောင်းကြိုက် ဒံပေါက်ရှေ့နားမှာ သူတို့လူငယ်တွေ ရွှေပြည်သာပြန်ဖို့ ကားစောင့်နေတုန်း ကောင်မလေးတွေက စျေးသက် သက်သာသာနဲ့ ပျော်ပါးလို့ရတယ်ဆိုပြီး ခေါ်တော့ သူတို့ လိုက်သွားတာ။ ကားကလည်း သူတို့ရဲ့ တက္ကစီကား။ ကားပေါ်ရောက်မှ ရပ်ကွက်ရုံးကို ခေါ်သွားပြီး စစ်မှုထမ်းအဖြစ် စု ဆောင်းတယ်ဆိုပြီး ဖမ်းလိုက်တာ။ K Pay နဲ့ ခွဲပြီး ငွေလွှဲခိုင်းတယ်။ ငွေလွှဲပြီးတော့မှ ရပ်ကွက်ရုံးကနေ ပြန်သွားခေါ်လို့ရတယ်။ မရွေးနိုင်တဲ့သူ ၂ ဦးကတော့ ဘုရင့်နောင်စစ်ကြောရေးရိပ်သာပို့ခံလိုက်ရတယ်” ဟု လွတ်မြောက်လာသော လူငယ်၏ ဆွေမျိုးသားချင်းတစ်ဦးက ရှင်းပြသည်။
မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံ၊ ကောင်းကြိုက် ဒံပေါက်ဆိုင်အနီးတွင် ပြည့်တန်ဆာ အမျိုး သမီးများစွာ နေ့ရော ညပါ ရှိနေပြီး အဆိုပါ ပြည့်တန်ဆာများအနက်မှ တချို့မှာ စစ်တပ်အတွက် လူငယ်များ ရှာဖွေ ဖမ်းဆီးမှုများ လုပ် ဆောင်လာကြောင်း၊ ပျူစောထီးနှင့်လူမိုက်တချို့က တက္ကစီကားဖြင့် စောင့် ဆိုင်းပြီး ပြည့်တန်ဆာများ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်လာသော လူ ငယ်များကို ရပ်ကွက်ရုံးသို့ တစ်ခါတည်းခေါ်ဆောင်ကာ စစ်မှုထမ်းအဖြစ် စုဆောင်း ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျေးရွာ ၅ ရွာမှ လူငယ် ၁၀ ဦးကို စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် စီးနင်းပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wundwin မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၅ ရက်နေ့၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ-မိတ္ထီလာလမ်းတ လျှောက်ရှိ ကျောင်းကုန်းရွာ၊ ရွာသစ်ရွာ၊ သစ်ပလွေကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၇ ဦးကို ပေါ်တာဆွဲခဲ့ကြောင်း၊ ယင်းနောက် နိုဝင် ဘာလ ၆ရက်နေ့ အင်ယင်းကျေးရွာ၊ မုံတောရွာကျေးရွာကို ထပ်မံစီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
လူငယ် ၁၀ ဦးကိုအကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေ ကြေးတတ်နိုင်သော မိသားစုမှ လူငယ် ၁ ဦးကို ငွေကျပ် ၂၅သိန်းဖြင့် ပြန်ရွေးခဲ့ကြောင်း၊ ကျန် လူငယ် ၉ ဦးစလုံးမှာ ပင်းတလဲရဲစခန်းတွင် ဆက်လက်ဖမ်းဆီးခံထားရကြောင်းသိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယခု နိုဝင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၁၉ ကို ဖွင့်လှစ်မည်ဖြစ်သည်။
ဓာတ်ပုံ- မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)