အာဏာရှင် မင်းအောင်လှိုင်ကို လက်နက်ကိုင်တိုက်ဖြိုချ အမြစ်ဖြတ်မှ တိုင်းပြည် တည်ဆောက်နိုင်မည်ဖြစ်ပြီး တစ်ဖွဲ့တည်းဖြင့် လုပ်မရဟု TNLA ဗိုလ်ချုပ် တာဘုန်းကျော်ပြော
ရန်ကုန်၊ နိုဝင်ဘာ ၆
အကြမ်းဖက် အာဏာရှင် မင်းအောင်လှိုင်ကို လက်နက်ကိုင်တိုက်ဖြိုချ အမြစ်ဖြတ်မှ တိုင်းပြည် တည်ဆောက်နိုင်မည်ဖြစ်ပြီး တစ်ဖွဲ့တည်းဖြင့် လုပ်မရကြောင်း တအာင်း TNLA ဗိုလ်ချုပ် တာဘုန်းကျော်က ပြောဆိုသည်။
အောက်တိုဘာလထုတ်ဝေသော TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ စာစောင်အတွင်း TNLA မှ ဗိုလ်ချုပ်တာဘုန်းကျော်၏မိန့်ခွန်းကို ဖော်ပြထားကာ ယင်းမိန့်ခွန်းမှာ Ta’ang Law Academy ကျောင်းဆင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းကျောင်းဆင်းပွဲကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေ။
ဗိုလ်ချုပ် တာဘုန်းကျော်က 1027 စစ်ဆင်ရေးအတွက်း ရလာဒ်အဖြစ် မြို့များ သိမ်းနိုင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်ကို ရိုးရိုးဆန္ဒပြုရုံဖြင့် မြန်မာနိုင်ငံကို တည်ဆောက်ရေးနှင့် မင်းအောင်ပြုတ်ကျရေး မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် မင်းအောင်လှိုင်ကို လက်နက်ကိုင်တိုက်ပြီး ဖြိုချရုံသာရှိကြောင်း။ အာဏာရှင်အမြစ်ဖြတ်ပြီးမှ တိုင်းပြည်တည်ဆောက်၍ ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
1027 Operation ကို အကောင်အထည်ဖော်တဲ့အချိန်မှာ ခုလိုရလဒ်တွေက တစ်မြို့ပြီးတစ်မြို့ သိမ်းနိုင်တယ်။ ဒါကြောင့်မို့ မင်းအောင်လှိုင်ကို ကျနော်တို့ ရိုးရိုးဆန္ဒပြရုံနဲ့ မင်းအောင်လှိုင် ပြုတ်ကျဖို့ မြန်မာနိုင်ငံကို တည်ဆောက်ဖို့ ရိုးရိုးဆန္ဒပြရုံနဲ့တော့ လန့်သွားမယ်မထင်။ ပြီးတော့ တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ် ညီလာခံတွေ လုပ်ခဲ့တယ်။ ခုတော့ အားလုံးရှင်းကုန်ပြီ ဒီကောင်ကို လက်နက်ကိုင်တိုက်ပြီး ဖြိုချရုံပဲရှိတော့တယ်။ အားလုံး Balance လုပ်မှပဲ အာဏာရှင်အမြစ်ဖြတ် တိုင်းပြည တည်ဆောက်လို့ရမယ်ဘယ်အချိန်အထိကြာမလဲ ကျနော်တို့ ပြောမရဘူး။ မဖြစ်နိုင်ဘူးလား မေးရင်တော့ ကျနော်တို့ ဖြစ်နိုင်အောင် ကြိုးစားမယ်။ ကျနော်တို့ အားထည့်မယ်။ တစ်ဖွဲ့တည်းဖြစ်အောင် လုပ်လို့မရဘူး” ဟု ဗိုလ်ချုပ်တာဘုန်းကျော်က ဆိုသည်။
TNLA အနေဖြင့် NUG ၊ PDF များနှင့် ချိတ်ဆက် အလုပ်လုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်လည်းချိတ်ဆက်ခဲ့ကြောင်း ၊ ယင်းအပြင် TNP ၊ TCSO ကဲ့သို့သော တအာင်း CSO များနှင့်ပူးပေါင်းပြီး TPCC တအာင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ၎င်းကဆိုသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်ကို ၀ိုင်းတိုက်ရင်းဖြင့် တစ်ဖက်တွင်လည်း သိမ်းပိုက်ထားသော ဒေသများတွင် အုပ်ချုပ်ရေး ၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ကာကွယ်ရေးများကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မင်းအောင်လှိုင်ကို ကျအောင်၀ိုင်းတိုက်ရမယ်။ ဒါပေမယ့် အဲဒီလို၀ိုင်းတိုက်ကြိုးစားနေတဲ့အချိန်မှာ ငါတို့ရဲ့ Society ငါတို့ရဲ့ ဒေသကို ငါတို့ အတ်နိုင်ဆုံးတော့ Justice Ready ဖြစ်အောင်ကြိုးစားရမယ်။. ငါတို့ စီမံအုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကာကွယ်ရေးကအစ အတတ်နိုင်ဆုံးတော့ ငါတို့လိုချင်တဲ့ ပုံစံဖြစ်အောင် တည်ဆောက်မယ်။ ” ဟု ဗိုလ်ချုပ် တာဘုန်းကျော်ကဆိုသည်။
ယခုအခါတွင်မူ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ TNLA က အကြမ်းဖက်စစ်တပ်နှင့် အပစ်ရပ်စဲလိုက်ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ပြန်လည် ဆုတ်ခွာရန်လည်း သဘောတူညီထားပြီဖြစ်သည်။