ကိုကိုးကျွန်းမြို့တွင် ညိုစောကို မဲပေးရန်ဟုဆိုကာ သားသမီးပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းဖြင့် ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့ခိုင်း

ကိုကိုးကျွန်းမြို့တွင် ညိုစောကို မဲပေးရန်ဟုဆိုကာ သားသမီးပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းဖြင့် ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့ခိုင်း
ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့တွင် လက်ရှိ ဝန်ကြီးချုပ်ရာထူး ရယူထားသူ ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ညိုစောကို မဲပေးရန်ဟုဆိုကာ ညိုစော၏ သားသမီးပိုင်ကုမ္ပဏီများမှ ဝန်ထမ်းများကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းဖြင့် ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့ခိုင်းနေကြောင်း ပြောင်းရွှေ့ရာတွင် ပါဝင်သော ကုမ္ပဏီဝန်ထမ်းများ၏ မိသားစုအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ကြံ့ဖွတ်ပါတီ ကိုယ်စားပြု ညိုစောနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဝင်းကျော်သူတို့က ၂ ဦးတည်းယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ညိုစော၏ သားသမီးများပိုင်ဆိုင်သော ကုမ္ပဏီများမှ ဝန်ထမ်းများကို ယာယီကိုကိုးကျွန်းသို့ ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့သော ကုမ္ပဏီဝန်ထမ်းများကိုလည်း နေစားစရိတ် ငြိမ်း၊ လုပ်ခလစာအပြည့်နှင့် မုန့်ဖိုး ၅ သိန်းပါ ပေးကြောင်း ၊ ကိုကိုးကျွန်းသို့ ယာယီပြောင်းရွှေ့သူများမှာ ယင်းမြို့နယ်တွင် ညိုစောကို မဲပေးရန် ပြောင်းရွှေ့မဲစာရင်းလျှောက်ထားမှုကိုလည်း ကုမ္ပဏီဘက်က လုပ်ဆောင်ပေးကြောင်း သိရှိရသည်။
ညိုစောတွင် သန့်ညိုစော၊ သင့်ညိုစော နှင့် ဆင့်ညိုစော ဆိုသည့် သားသမီး ၃ ဦးရှိပြီး သမီး သန့်ညိုစောက ဒေါက်တာဇွဲမာန်အောင်နှင့် အိမ်ထောင်ကျကာ ညိုစော၏ စီးပွားရေးလုပ်ငန်းများအားလုံးကို ဦးစီး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုကိုးကျွန်းကို ရွှေ့တာက ကိုဇွဲ (ဒေါက်တာဇွဲမာန်အောင်) ရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေပါတယ်။ နောက်ပြီး Apex Fair က ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်။ ကိုကိုးကျွန်းမှာ မဲစာရင်းအပြောင်း ပုံစံ ၁၅ လျှောက်ခိုင်းတယ်။ မဲပေးပြီး ရလဒ်ထွက်ပြီးရင် ပြန်လာခေါ်မယ်။ နေစားစရိတ်ငြိမ်း၊ လစာအပြည့်အပြင် မုန့်ဖိုး ၅ သိန်းပေးတယ်။ မိသားစုပါရင်လည်း မိသားစုဝင် ၁ ဦးကို ၅ သိန်း ထပ်ပေးတယ်” ဟု ပြောင်းရွှေ့ရာတွင်ပါဝင်ခဲ့သော ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ညိုစောသည် အောက်တိုဘာလ ၂၅ ရက်နေ့က ဝန်ကြီးချုုပ်ရာထူးဖြင့် ကိုကိုးကျွန်းသို့ သွားရောက်၍ မဲဆွယ်စည်းရုံးမှုများ လုပ် ဆောင်ခဲ့သော်လည်း ဝန်ထမ်းများက ၎င်းကို မဲမပေးမည်ကို စိုးရိမ်ပူပန်မှုများရှိနေကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ ၏ဘ၀၊ ကိုကိုးကျွန်းမြို့နယ်မှ ပြည်သူများနှင့် မိသားစုများ၏ ဘ၀များကို သူသာလျှင် မြှင့်တင်ပေးနိုင်မည်ဟု ပြောဆိုကာ ၎င်းကို မဲပေးရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ညိုစောမှာ စစ်တပ်တွင် ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အကြမ်းဖက် မင်းအောင်လှိုင်က အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီး သန်းရွှေခေတ်တွင်လည်း သန်းရွှေ၏ စိတ်ချ ယုံကြည်အားကိုးရသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ညိုစောသည် ၂၀၂၀ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ်မှ အနားယူခဲ့ပြီး စစ်တပ်၏ အရန်အင်အားစာရင်းသွင်းခံခဲ့ရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်း ညိုစောမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းMEC ဥက္ကဋ္ဌ၊ အင်း၀ဘဏ် ဥက္ကဋ္ဌ ၊ မင်းအောင်လှိုင်၏ အကြံပေး စသည့် ရာထူးများစွာကို ရယူခဲ့သည့်အပြင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ် စသည့် ရာထူး တာဝန်များ အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ အထက်နှင့်အောက် ဝေစား၊ မျှစား အကြား သဟဇာတ ဖြစ်အောင် နေထိုင်တတ်လွန်းသူ နာမည်ကြီးကာ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေက အထူးသဘောကျခဲ့သူတစ်ဦးဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်လာသောအခါတွင်လည်း သန်းရွှေတပည့်အရင်း ညိုစောကို ပြန်လည် အသုံး ပြုပြီး အငြိမ်းစား အဖြစ် သတ်မှတ်နိုင်သော အရန်အင်အားထိုင်ခုံတွင် ထိုင်နေရသည့်တိုင် ညိုစောမှာ ရာထူးတာဝန်များစွာ ပေးအပ်ခံခဲ့ရကာ နောက်ဆုံးတွင် ဝန်ကြီးချုပ်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ပြန်သည်။
ညိုစောသည် ယနေ့ အချိန်အထိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့်မိသားစုများထံသို့ အဝင်အထွက်ရှိပြီး သန်းရွှေ၏ လို အပ်ချက်များကို ၎င်းက အရေးတယူဂရုတစိုက် ဖြည့်ဆည်းပေးနေဆဲဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တချို့ကဆိုသည်။