ရန်ကုန်ရှိ ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် စျေးပွဲတော်များတွင် ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မူးယစ်သောင်းကျန်းသူ လူငယ်များကို အမှုဖွင့် အရေးမယူဘဲ စစ်မှုထမ်းအဖြစ် စုဆောင်း

ရန်ကုန်ရှိ ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် စျေးပွဲတော်များတွင် ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မူးယစ်သောင်းကျန်းသူ လူငယ်များကို အမှုဖွင့် အရေးမယူဘဲ စစ်မှုထမ်းအဖြစ် စုဆောင်း
ရန်ကုန်၊ နိုဝင်ဘာ ၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကထိန်၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် စျေးပွဲတော်တွင် ရန်ဖြစ်မှု၊ ခိုးဆိုးလုယက်မှုနှင့် မူး ယစ် သောင်းကျန်းသူ လူငယ်များကို အမှုဖွင့် အရေးမယူဘဲ စစ်မှုထမ်းအဖြစ် စုဆောင်းလျက်ရှိကြောင်း အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နှင့် ရန်ဖြစ်မှုကြောင့် ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံလိုက်ရသော လူငယ်တချို့၏ မိသားစုဝင်တချို့ထံမှ သိရှိရသည်။
အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက် ဥက္ကဋ္ဌ စောဝင်းလွင်က အရှေ့ကြို့ကုန်းတွင် ကထိန်လှည့်လည်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲများအတွင်း ရမ်းကားသူ၊ မူးယစ်ရန်ဖြစ်မှုနှင့် ခိုးဆိုးလုယက်သူ လူငယ်များကို ရဲစခန်းသို့ မပို့တော့ဘဲ စစ်မှုထမ်းအဖြစ် သက်ဆိုင်ရာ တပ်နယ်များထံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“အရှေ့ကြို့ကုန်းမှာ ကထိန်မှာ မူးကြရူးကြရင်း ရန်ဖြစ်တဲ့ လူငယ်တချို့၊ တန်ဆောင်တိုင် သူခိုးကြီးညမှာ ရန်ဖြစ်တဲ့ လူငယ်တချို့ကို ဖမ်းပါတယ်။ ရဲစခန်းမပို့ပါဘူး။ တစ်ခါတည်း စစ်မှုထမ်း စုဆောင်းရေးကိုပို့ပါတယ်။ အဲဒီလို ပို့တဲ့အတွက် ပုံမှန် စစ်မှုထမ်းအတွက် ပေးနေရတဲ့ လူငယ်တွေအစား အစားထိုးပို့လိုက်တာလို့ သိရပါတယ်။ အခုတော့ သိရသလောက် ၄ ဦး အဖမ်းခံရပြီး စစ်မှုထမ်း အပို့ခံရတယ်” ဟု အရှေ့ကြို့ကုန်းမှ ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဆွေမျိုးဖြစ်သူက ပြောဆိုသည်။
ယင်းအပြင် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်တွင် ဘုံကထိန်နှင့် ခြင်းပွဲ၊ စတိတ်ရှိုးများ ပျော်ပွဲရွှငပွဲများ ပြုလုပ်ခဲ့ပြီး ယင်းပျော်ပွဲရွှင်ပွဲကာလအတွင်း မူးယစ်နေသော လူငယ်များ၊ ရန်ဖြစ်သော လူငယ်များကို ကမ်းနားအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ချစ်စန်း၊ ရာအိမ်မှုး ဘိုကြီး၊ လူမိုက်ကျင်ဟုတ်၊ သန်းမင်းလတ်တပည့် နောင်နောင်တို့က စစ်မှုထမ်းအဖြစ် စုဆောင်းသွားကြောင်း၊ ယင်းအပြင် ပွဲများအတွင်းတွင်လည်း မည်သည့် ပြစ်မှုမှ မကျူးလွန်ဘဲ ပွဲစျေးလာလျှောက်သော လူငယ်တချို့ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ပွဲကိုလာတဲ့ လူငယ်တွေရော၊ ရန်ဖြစ်တဲ့ လူငယ်တွေရော အုပ်ကြီးတွေ ကားတွေနဲ့ ဆွဲတင်နေတာ။ ပွဲတော်ရက်က သူတို့အတွက် စစ်မှုထမ်းစုဖို့ အခွင့်အရေးလိုဖြစ်နေတယ်။ ကားတွေနဲ့ တစ်သုတ်ပြီး တစ်သုတ် သူတို့ လူတွေ ရှာနေတာမြင်ရတယ်” ဟု အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်မှ ရပ်ကွက်နေပြည်သူတချို့က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု နိုဝင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဥ် ၁၉ ကို ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် စစ်မှုထမ်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရန်ကုန်မြို့ စတင်စုဆောင်းနေပြီဖြစ်ကြောင်း ကင်းထောက်လူငယ်တချို့နှင့် မြို့နေ ပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ညပိုင်း ပံ့သကူကောက်သူများနှင့် စည်ကားနေစဉ်။