ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးက ညွှန်ကြား
ရန်ကုန်၊ နိုဝင်ဘာ ၅
ရခိုင်ပြည်နှင့်ပလက်၀မြို့နယ်အတွင်း တည်ရှိနေနိုင်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့် AA ရုံးဌာနချုပ်ကို စုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးက ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဒေသသို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုပြီးနောက် အောက်တိုဘာလနှောင်းပိုင်း အတွင်းပြုလုပ်သော နေပြည်တော်စစ်ရုံး၏ ရခိုင်ဒေသဆိုင်ရာ စစ်ဘက်အထူးအစည်း အဝေးတွင် ထိုသို့ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမှ ရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်တွင် ၎င်းရောက်ရှိနေမှုကို ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့ရာ စစ်တပ်က ၎င်း၏ တည်နေရာနှင့် AA ရုံးဌာနချုပ်နေရာကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ထို့ပြင်ရခိုင်ဒေသရှိ လက်လွှတ်ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်း ပိုက်ရေးအတွက် စီမံချက်များကို စစ်တပ်က ရေးဆွဲနေပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း ထိုးစစ်ကြီးများကိုလည်း ဆောင်ရွက်ရန်ရှိနေကြောင်း သိရှိရသည်။
ယင်းအပြင် ရခိုင်ဒေသတွင် စစ်တပ်၏ ပြည်သူ့ စစ် မဟာဗျူဟာကို အရှိန် အဟုန်ဖြင့် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးနှင့် နယ်မြေစိုးမိုးမှု ပြန်လည် ရရှိနိုင်ရေးအတွက် စစ်တပ်ထောက်ခံသော ရခိုင်နိုင်ငံရေးသမားများ၊ စစ်တပ်နှင့်အဆင်ပြေနေသော ရခိုင်လက် နက်ကိုင်များ၊ စစ်တပ်လိုလားသော ရခိုင်စီးပွားရေးသမားများထံမှ အကြံဉာဏ်များ ရယူရန်နှင့် ပူးပေါင်းဆောင် ရွက်ရန်ကိုလည်း စီမံချက်ချမှတ်၍ ဆောင်ရွက်နေ ကြောင်း သိရှိရသည်။