ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကရင်နီပြည်ရဲဌာနမှ ရဲတပ်ဖွဲ့ဝင် ၅ ဦးအထိရှိလာပြီး ၇ ဦးဒဏ်ရာရရှိထား၊ ဒလန်သတင်းပေးမှုကြောင့် ကရင်နီပြည်ရဲဌာနရုံးအပေါ်သို့ တိုက်ရိုက် ဗုံးကျဲချခံရဟုဆို

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကရင်နီပြည်ရဲဌာနမှ ရဲတပ်ဖွဲ့ဝင် ၅ ဦးအထိရှိလာပြီး ၇ ဦးဒဏ်ရာရရှိထား၊ ဒလန်သတင်းပေးမှုကြောင့် ကရင်နီပြည်ရဲဌာနရုံးအပေါ်သို့ တိုက်ရိုက် ဗုံးကျဲချခံရဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ကရင်နီပြည်ရဲဌာနမှ တပ်ဖွဲ့ဝင် ၅ ဦးအထိရှိလာပြီး ၇ ဦးဒဏ်ရာရရှိထားကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် စစ်တပ်က ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ ကရင်နီရဲဌာန(KSP) ၏ ရုံးခန်းကို ကာမီကာဇေ အသေခံဒရုန်း၊ Y-12 လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုအတွင်း ကရင်နီပြည်ရဲဌာန ရုံးခန်းတစ်ခုလုံး ဗုံးဒဏ်ကြောင့် ပျက်စီးမီးလောင်သွားပြီး ကားများလည်း ပျက်စီးကြောင်း၊ ဒရုန်းတိုက်ခိုက်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ အဆက်မပြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကရင်နီပြည် ရဲဌာနမှ ရဲတပ်ဖွဲ့ဝင် ၅ ဦး တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကြောင်း သိရှိရသည်။
“ဒလန်သတင်းပေးလို့ နေရာအတိအကျနဲ့ လာချတာ။ ဒရုန်းရော လေယာဉ်ရော ဆက်တိုက် ဗုံးကျဲခံရတာပါ။ KSP က အမျိုး သမီးရဲမေ ၁ ဦးနဲ့ ရဲဘော် ၄ ဦး ကျဆုံးပါတယ်။ ရုံးကတော့ ရစရာမရှိအောင် စုတ်ပြတ်သွားတယ်။ အကုန်မီးလောင်ကုန်တယ်။ Location အတိအကျနဲ့ကို သတင်းပေးတာပါ” ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော ထိခိုက်ဒဏ်ရာရသူ ၇ ဦးတွင်လည်း ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက်အန္တရာယ် အလွန်စိုးရိမ်နေရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီးနောက် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကာ တော်လှန်ရေးတပ်များက ပြန်လည် အားသာလာကြောင်း၊ အဓိကအားဖြင့် နယ်မြေကျွမ်းကျင်မှုတွင် တော်လှန်ရေးတပ်များက အားသာသဖြင့် စစ်တပ်အထိနာနေကြောင်း၊ ထို့ကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလာကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။