မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းမှ ကင်းပတ်ရန်ပြင်ဆင်နေသော ရဲများကို ဖောက်ခွဲ တိုက်ခိုက်မှု ၂ ဦး သေဆုံးနိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံရဲစခန်းမှ ကင်းပတ်ရန်ပြင်ဆင်နေသော ရဲများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၂ ဦး သေဆုံးနိုင်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ရဲများ ပြင်းအားမြင့် မိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး ၁ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ဆိုင်ကယ်များဖြင့် ကင်းပတ်ရန် ပြင်ဆင်နေသော ရဲ အများအပြားထိခိုက်မှုရှိပြီး ၂ ဦး သေဆုံးနိုင်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကင်းပတ်ဖို့ထွက်လာမယ့် အချိန်စောင့်ပြီး ဆော်ထည့်လိုက်တာ အနည်းဆုံး ၂ ကောင်တော့ တိုက်ရိုက်ထိတယ်။ ဆိုင်ကယ်က ပုံမှန်၄ စီး ၅ စီး ထွက်တာ ထွက်ထွက်ခြင်း ဆော်လိုက်တာဆိုတော့ အနည်းဆုံးကိုပြောပြတာ တိုက်ရိုက်ထိတဲ့ ၂ ကောင်ကတော့ သေနိုင်တယ်။ ကျနော်တို့ အပိုင်ဆော်တာ အဲ့ကောင်တွေက ည ၁၀ နာရီဝန်းကျင်ဆို ကင်းပတ်ထွက်နေကြ ဆိုင်ကယ် ၄ စီး ၅ စီးနဲ့ ဆိုင်ကယ် ၁ စီးမှာ အနည်းဆုံး ၂ ကောင်လောက်တော့ ပါတယ်” ဟု Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ စစ်ကောင်စီ နှင့် ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများအား ဆက်လက်၍အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။