မြန်မာစစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံအနေဖြင့် လေ့လာစောင့်ကြည့်သူ စေလွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတ အတည်ပြု
🟥 အာဆီယံဥက္ကဋ္ဌ သစ် ဖိလစ်ပိုင်က မြန်မာအတိုက်အခံများအပါအဝင် အားလုံးနှင့် ထိတွေ့ဆက်ဆံမည်
ရန်ကုန်၊ နိုဝင်ဘာ ၁
မြန်မာစစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံ လေ့လာစောင့်ကြည့်သူ စေလွှတ်မည်မဟုတ်ဟု အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက အတည်ပြုပြောဆိုသည်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်အပြီး မလေးရှား ဘာနားမားသတင်းဌာနနှင့်တွေ့ဆုံ မေး မြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံရွေးကောက်ပွဲသို့ လေ့လာသူစေလွှတ်မည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာရ် မားကို့စ် ဂျူနီယာက အတည်ပြုလိုက်ပြီး အာဆီယံနိုင်ငံများအကြား စစ်တပ်၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမြင်များ ကွဲပြားနေကြောင်း ၎င်းက ဆိုသည်။
” အာဆီယံက နိုင်ငံတစ်ခုချင်းစီအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ဖို့ပါပဲ။ ရွေးကောက်ပွဲအတွက် အာဆီယံမှာ ဘုံရပ်တည်ချက်တစ်ခု မရပါဘူး။ ဘာလို့လဲဆိုတော့ ဆွေးနွေးမှုတွေမှာ မတူညီတဲ့ အမြင်တွေရှိနေပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက ဘာလုပ်သင့်လဲဆိုတာကို ကျနော်ဆုံးဖြတ်ရပါလိမ့်မယ်။တခြားနိုင်ငံတွေ ဘာလုပ်လဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံအနေဖြင့် မြန်မာရွေးကောက်ပွဲကျင်းပမည့်ဒီဇင်ဘာလ ၂၈ ရက်နေ့မတိုင်မီ ဘုံသဘောတူညီချက် တစ်ခု ရရှိနိုင်သေးကြောင်း၊ သို့သော် ဖိလစ်ပိုင်အနေဖြင့် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့လာသူစေလွှတ်ရန် သို့မ ဟုတ် အာဆီယံ၏ ရပ်တည်ချက်နှင့် ကိုက်ညီရန် စဉ်းစားနေခြင်း ရှိ၊ မရှိကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“အာဆီယံအနေနဲ့ တစ်စုံလုံးအနေနဲ့ လုပ်မယ်ဆိုရင်တော့ ပိုကောင်းနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အမြင်ကွဲပြားမှုများ ရှိနေသော်လည် ကွာခြားချက်မှာ မကြီးမားဟု ၎င်းက ဆိုသည်။
ယင်းအပြင် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူမည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် အာမားကို့ ဂျူနီယာက မြန်မာ့အရေးအတွက် အတိုက် အခံများအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးမှာ အာဆီယံအတွက် မကျက်သေးသည့် အနာတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။