 
တော်လှန်စစ်ဆင်နွှဲလိုတဲ့  ရဲဘော်တဦးချင်းဖြစ်စေ တပ်ဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းပါဝင်နိုင်ဟု မန္တလေး PDF ဖိတ်ခေါ်
“ကျနော်တို့ဆီကို လာဖြစ်အောင်သာ လာခဲ့ပါ။ စစ်တကယ်တိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့က ကျနော်တို့ အပြည့်အဝတာဝန်ယူပါတယ်”-MDY PDF
အောက်တိုဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring



တော်လှန်စစ်ကိုဆင်နွှဲလိုတဲ့ မိတ်ဆွေရဲဘော်တွေအနေနဲ့  လူပုဂ္ဂိုလ်တဦးတယောက်ချင်းသာမက အစုအဖွဲ့အလိုက် တပ်ဖွဲ့အလိုက် လာရောက်ပူးပေါင်းပါဝင်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF က ဒီကနေ့ အောက်တိုဘာ ၃၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
တအာင်းတပ်မတော်(TNLA)က မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက် မိုးမိတ်ကနေ ဆုတ်ခွာပေးဖို့စစ်ကောင်စီနဲ့သဘောတူ အပစ်ရပ်စဲပြီးနောက် မန္တလေးဒေသ PDF တပ်ဖွဲ့တွေက ဒေသထိန်းချုပ်နယ်မြေတွေ ဆက်လက်ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ခဲ့သလို တပ်ဖွဲ့နဲ့ ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လာဖို့၊ တော်လှန်စစ်မှာ ပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ချက်တွေ ထုတ်ပြန်လျက်ရှိပါတယ်။
“အခုအချိန်မှာ ကျနော်တို့တွေဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အခက်အခဲဆုံးသော အခိုက်အတန့်ကာလတခုကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ တော်လှန်ရေးတို့မည်သည် အနိမ့်အမြင့် အတက်အကျကိုယ်စီနဲ့ လှိုင်းသဘောဆောင်တာ သဘာဝပါပဲ။ ဒီလိုအခက်အခဲကာလကို ကျနော်တို့တွေရဲ့ စုစည်းညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ထားပြီးလည်း ဖြစ်ပါတယ်” လို့ MDY PDF ရဲ့ ဖိတ်ခေါ်ချက်မှာရေးသားထားပါတယ်။
အခုအခါမှာ စစ်ရေးအရ PDFတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အာဏာသိမ်း စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အားများစွာနဲ့ ထိုးစစ်ဆင်နေတာကို   အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတယ်လို့အသိပေးပါတယ်။
“ဒီလိုအခြေအနေမှာ ကျနော်တို့ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့က အထူးအရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာပြည် အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ရန်သူစစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာနေရာတွေကို ဆက်လက်ခြိမ်းခြောက်နိုင်ဖို့အတွက်လည်း အလုပ်တွေ အများကြီး ဆက်လုပ်ရဖို့ ရှိပါမယ်” လို့ MDY PDFက ထုတ်ပြန်ခဲ့ပြီးရဲဘော်သစ်တွေ များစွာ အရေးတကြီး လိုအပ်နေတာကို အသိပေးပါတယ်။
တော်လှန်စစ်ရဲ့ အရေးပါတဲ့အလုပ်တွေက  စောင့်ဆိုင်းနေတဲ့အတွက် အခုထက် သာလွန်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား လိုအပ်တယ်လို့ ဖော်ပြပါတယ်။
“ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်စစ်ကို ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်အပေါင်းကို လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါတယ်။မိတ်ဆွေရဲဘော် . . . ကျနော်တို့ဆီကို လာဖြစ်အောင်သာ လာခဲ့ပါ။ စစ် တကယ်တိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့က ကျနော်တို့ အပြည့်အဝ တာဝန်ယူပါတယ်။ ပြည်သူ့တော်လှန်စစ်က ရဲဘော်တို့ကို လိုအပ်နေပြီ”လို့ MDY PDFက ထုတ်ပြန်ပါတယ်။
MDY PDF သို့ တယ်လီဂရမ် Telegram: @mdypdfrecruit၊ စစ်ဂနယ် Signal: MDYPDFRECRUIT.08 တို့ကတဆင့် ဆက်သွယ်နိုင်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
MDY PDF လိုပဲ မိုးကုတ်ဗျူဟာ၊ မိုးကုတ်ပကဖ နဲ့ သပိတ်ကျင်း၊ စဉ်ကူးနယ်မြေခံတွေနဲ့ဖို့စည်းထားတဲ့ TRI ဗျူဟာ တွေကလည်း တပ်ဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ ဖိတ်ခေါ်ချက်တွေထုတ်ပြန်ထားပါတယ်။
(MDY PDFက ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ – MDY PDF)