တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ပြည်သူများကို စတင်ခြိမ်းခြောက် ဖိအားပေး
ရန်ကုန်၊ အောက်တိုဘာ ၂၉

မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများ စတင်လိုက်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ပြည်သူများကို စတင်ခြိမ်းခြောက် ဖိအားပေးနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့ အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးမှုများ စတင်လိုက်ပြီးနောက် နိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ကြံ့ဖွတ်ပါတီကို မဖြစ်မနေ ပြည်သူများက မဲပေးကြရမည်ဟု ခြိမ်းခြောက် ဖိအားပေးလာကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဒ/၁၇ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ဗိုလ်စိန် နှင့် အပေါင်းအပါ ကျော်စိုး၊ အာနိုး(ခ) ဗိုလ်ဗိုလ်ဝင်းက ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် ကြံ့ဖွတ်ပါတီကို မဲပေးရမည်ဖြစ်ကြောင်း၊ မဲမပေးသူများ၊ မကျေနပ်သူများအနေဖြင့် ဓားကို ဓားချင်း ရှင်းနိုင်သည်ဟုဆိုကာ ရပ်ကွက်ကို စိန်ခေါ် ဆဲဆိုခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်းတွေလည်းဖမ်းမယ်။ မဲပေးရင်လည်း ကြံ့ခိုင်ရေးကိုလည်း မဲပေးဖို့ ကျော်စိုး၊ အားနိုး(ခ) ဗိုလ်ဗိုလ်ဝင်းနဲ့ အုပ်ကြီးဗိုလ်စိန်တို့က စိန်ခေါ်တယ်။
ရပ်ကွက်ထဲပက်ဆဲတယ်။ မကျေနပ်တဲ့သူထွက်ခဲ့။ ယောကျ်ားထွက်လာရင်လမ်းပေါ်တွင်ခုတ်သတ်ပစ်မယ်။ မိန်းမဆိုရင်ထိပ်တုန်းခတ်ပါးရိုက်မယ်။ မတရားခြိမ်းခြောက်စော်ကားတယ်။ ရပ်ကွက်ကို ဓားကြိမ်းကြိမ်းတယ်။ လူတွေပါရိုက်နှက်သေးတယ်။ မင်းမဲ့စရိုက်ဆန်စွာပြုမူနေတယ်။ အုပ်ကြီးဗိုလ်စိန်ကလည်း ရပ်ကွက်ထဲကလူတွေကိုမင်းတို့သတိထားနေငါ့အကြောင်းသိမယ်ဆိုအမြဲပြောဆိုနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူကြီးမြို့ အမှတ် ၁ ရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး ရာဇာထွန်း ခေါ် ရာဇာကြီးက ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရမည်ဖြစ်ပြီး ကြံ့ဖွတ်ပါတီကိုသာ မဲပေးရမည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းကြေးမှာလည်း အိမ်ထောင်စုများ၏ တာဝန်ဖြစ်ပြီး လစဉ် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သောင်းကျပ်ပေးရမည်ဟု ပြည်သူများကို အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ထို့အတူ ပဲခူးအနောက်ပိုင်း၊ နတ်တလင်းခရိုင်၊ အနောက်ရွှေကြာပင်ကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး လှဝင်းက ရွေးကောက်ပွဲအတွက် မဲထည့်ပုံထည့်နည်း ရှင်းလင်းမည်ဟုဆိုကာ ပြည်သူများကို အစည်းအဝေးခေါ်ပြီး ကြံ့ခိုင်ရေးပါတီကို ဆန္ဒမဲပေးရမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။
“အုပ်ကြီးလှဝင်းက တိုင်းပြည်ကောင်းအောင် လုပ်နိုင်တာ ပြည်ခိုင်ဖြိုးပဲရှိတယ်။ ပြည်ခိုင်ဖြိုးမှ မဲမပေးရင် ဘယ်ပါတီကို ပေးမလဲ။ အဲဒါကြောင့် မဲလည်း ပေးရမယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို မဲပေးစက်နဲ့ ရွေးချယ်ပေးရမယ်ဆိုပြီး ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယင်းအပြင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မြိုင်ကလေး အပိုင်တွင်လည်း ပြည်သူများအားလုံး မဲမဖြစ်မနေပေးရမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကိုသာလျှင် မဲပေးရမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ဆင့်ခေါ် ဖိအားပေးလာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“မြိုင်ကလေးက ဒေသစုံက လူတွေအလုပ် လာလုပ်ကြပါတယ်။ ကျူးကျော်ရပ်ကွက်တွေ များတယ်။ ကျူးကျော်ရပ်ကွက်မှာနေတဲ့သူတွေ မှန်သမျှ မဲမပေးရင် ရပ်ကွက်ထဲမှာ မနေရဘူးလို့ ခြိမ်းခြောက်တယ်။ မဲပေးရာမှာလည်း ကြံ့ခိုင်ရေးကို မဲပေးရမယ်။ အခု နေတဲ့သူတော်တော်များများက မဲမပေးချင်ကြဘူး။ ဒါပေမယ့် အခုလိုခြိမ်းခြောက်ထားတော့ မပေးလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဓိက အဲဒီမှာ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ၂ကောင်ကစစ်တပ်နဲ့နီးစပ်တဲ့သူတွေပါ။ အုပ်ချုပ်ရေးမှူး ၂ကောင်ရဲ့ အမည်တွေက. ဝင်းဘို နဲ့ ဖိုးသား” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း ရွေးကောက်ပွဲတွင် တစ်အိမ်တစ်ယောက် မဲလာပေးရမည့်အပြင် ကြံ့ခိုင်ရေးပါတီကိုသာလျှင် မဲပေးရမည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီကို မဲမပေးခြင်း၊ အခြားပါတီများက ရပ်ကွက်မဲရုံများတွင် အနိုင်ရခဲ့ခြင်းများဖြစ်ပေါ်လာပါက ခွဲတမ်းကျ ထုတ်ပေးနေသည့် စားအုန်းဆီကို ထုတ်ပေးမည်မဟုတ်ဟု ရပ်ကွက်တချို့တွင် အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ဖိအားပေးလာကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီက လာမည့် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀၀၀ ကျော်ကို ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် အမတ်နေရာ ၂၈ နေရာတွင် ယှဉ်ပြိုင်သူမရှိဘဲ အနိုင်ရရှိထားပြီဖြစ်သည်။