ဆိုင်ကလုန်းမုန်တိုင်းနှင့် လေပွေလှိုင်းကြောင့် နိုင်ငံတဝန်း နိုဝင်ဘာလဆန်းအထိ မိုးရွာနိုင်
ရောင်နီ
မဇ္ဈိမ။ ။ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “ မွန်ထာ ”၏အရှိန်နှင့် အသစ်ထပ်မံဖြစ်ပေါ်လာနိုင်သည့် လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံ တဝန်းလုံးတွင် နိုဝင်ဘာလဆန်းပိုင်းအထိ မိုးရွာသွန်းမှုများရှိနိုင်ကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသည်။
ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် ဆက်လက်ရွေးလျားနေပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ၊အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့မြောက်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း စစ်ကောင်မရှင် မိုးဇလဌာနက ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တနာရီလျှင် မိုင် ၆၀ အထိရှိနိုင်ပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်။
မုန်တိုင်း အရှိန်ကြောင့် ယနေ့ မွန်းလွဲပိုင်းမှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုရှိနိုင်ပြီး ဒေသတချို့တွင် မိုးထစ်ချုန်းနိုင်ကြောင်း မိုးဇလက အသိပေးသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များ၌ တခါတရံ မိုးသက်လေပြင်းများကျရောက်၍ လှိုင်းကြီးနိုင်ကြောင်း ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် အောက်တိုဘာ ၂၉ ရက်နေ့တွင် ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အထိ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က အသိပေးသည်။
မုန်တိုင်းအကြွင်းအကျန်များနှင့် ကပ္ပလီပင်လယ်ပြင်တွင် အသစ်ထပ်မံဖြစ်ပေါ်လာနိုင်သည့် လေပွေလှိုင်း၏ အရှိန်တွေကြောင့် နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ မြန်မာနိုင်ငံနေရာအနှံ့မိုးရွာနိုင်ပြီး ဒေသတချို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း ဆိုသည်။
“ ရန်ကုန်က မြို့နယ်တချို့မှာ ဒီနေ့ နေ့လယ်ကစပြီး မိုးရွာနေပါတယ်။ အရမ်းတော့ မိုးမများပါဘူး” ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းနှင်သူ တဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် ရက်သတ္တပတ်မိုးလေဝသခန့်မှန်းချက်တွင်လည်း နိုဝင်ဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုများရှိနိုင်ပြီး စစ်ကိုင်းတိုင်း၊ တနင်္သာ ရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက် မိုးထစ်ချုန်းနိုင်ကြောင်း ဖော်ပြသည်။
မုန်တိုင်းအရှိန်နှင့် လေပွေလှိုင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့် အတွက် ကုန်းမြင့်ဒေသနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် မိုးလေ၀သတင်းများကို စောင့်ကြည့်ကာ ကြိုတင်သတိပြုကြရန် မိုးလေဝသဌာနများက တိုက်တွန်းထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ဓာတ်ပုံ – ရန်ကုန်မြို့တွင် မိုးရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်နေစဉ်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “ မွန်ထာ ”၏အရှိန်နှင့် အသစ်ထပ်မံဖြစ်ပေါ်လာနိုင်သည့် လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံ တဝန်းလုံးတွင် နိုဝင်ဘာလဆန်းပိုင်းအထိ မိုးရွာသွန်းမှုများရှိနိုင်ကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသည်။ (ပုံ-အဟောင်း /သူရ (မဇ္ဈိမ))
#ဆိုင်ကလုန်းမုန်တိုင်း
#လေပွေလှိုင်း
#မိုးလေဝသ
#မွန်ထာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews