ရန်ကုန်လေဆိပ်မှာ ပထမဆုံးအကြိမ် ပြည်ပထွက်ခွာတဲ့ လူငယ်တွေကို VIP Pass လမ်းကြောင်းဆိုကာ ငွေကျပ် သိန်း ၄၀၊ ၅၀ အထိ ပေးနေရတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြည်ပထွက်ခွာတဲ့ လူငယ်တွေကို ပြည်ပခရီးသွားဖူးတဲ့ မှတ်တမ်း (Travel History) မရှိဘဲ ပထမဆုံးအကြိမ် ခရီးသွားတယ်ဆိုရင် လေဆိပ်ဝန်ထမ်းနဲ့ ရဲတွေ ပေါင်းပြီး VIP Pass လမ်းကြောင်းဆိုကာ သိန်း ၄၀၊ ၅၀ အထိ ငွေညှစ် တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေ ပြန်အတည်ပြု ပြဋ္ဌာန်းပြီးတဲ့နောက် လူငယ်တွေ ပြည်ပထွက်ခွာတာကို စိစစ် တင်းကျပ်နေသလို လေဆိပ်မှာရှိတဲ့ အရာရှိတွေနဲ့ လေဆိပ်ဝန်ထမ်း၊ ရဲတွေက VIP Service ဆိုကာ လူငယ်တွေကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံရသူတယောက်ဖြစ်တဲ့ ကိုမိုးက “ကျနော့်ပတ်စ်ပို့က Travel History မရှိလို့ ပထမဆုံးအကြိမ်မို့ ရစ်တာလည်း ဖြစ်မယ်။ သူတို့ကပြောတယ်၊ နင်တို့ သွားချင်တိုင်း သွားလို့ မရဘူး ပြောတယ်။ ပြီးတော့ ပတ်စ်ပို့ သိမ်းတယ်၊ ပတ်စ်ပို့နံပါတ်တွေ မှတ်တယ်။ အဲ့လို ကြုံခဲ့ရတာပေါ့။ အောက်က လေဆိပ် ရဲဝန်ထမ်းတွေ တွေ့တော့ VIP Pass ယူလို့ရတယ် ပြောတယ်။ နောက်တနေ့ကျတော့ ကျနော်တို့ ထွက်ပြီး VIP Pass ယူခဲ့တယ်။ VIP Pass က ဟိုတယ်နားမှာပဲ တည်းခဲ့တယ်။ ဟိုတယ်မှာ လာကြိုတယ် ပွဲစားက၊ ကားပေါ်ရောက်တော့ သိန်း ၄၀ တခါတည်း တောင်းတယ်။ ကျနော်က မြန်မာငွေမရှိလို့ သိန်း ၄၀ လုံး ဒေါ်လာနဲ့ ပေးခဲ့တယ်။ ကျနော်နဲ့ပါတဲ့ တယောက်က စရံ ကျပ်သိန်း ၂၀ အရင်လွှဲရတယ်။ ကားပေါ်ရောက်မှ ကျန်တဲ့ သိန်း ၂၀ ပေးရတယ်။ လေဆိပ်ရောက်တော့ လေဆိပ်ကို လိုက်ပို့တယ်။ ခပ်ခွာခွာပဲ လိုက်ပို့တယ်။ အပေါ်ထိရောက်တယ်။ ရှင်းရှင်းလင်းလင်းပဲ၊ ဘာမှကို ဖြေစရာမလိုဘူး။ အဲ့လိုမျိုးပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံ၊ ထိုင်းကတဆင့် တခြားနိုင်ငံတွေဆီ ခရီးသွားမယ့် လူငယ်တချို့ကို ခရီးသွား စာရွက်စာတမ်း၊ ဗီဇာ၊ ငွေကြေး အပြည့်အစုံ ရှိပေမဲ့ ပြည်ပပေးမထွက်ဘဲ လှည့်ပြန်ခိုင်းတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက PJ (အလုပ်အကိုင် ပတ်စ်ပို့) နဲ့ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ပြည်ပထွက်ခွာခွင့် ပိတ်ထားပြီး အမျိုးသမီးတွေရင်လည်း အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ UAE၊ အိုမန် စတဲ့နိုင်ငံတွေကို သွားရောက်ခွင့် တင်းကျပ် ကန့်သတ်နေပါတယ်။
နောက်ထပ် ကိုယ်တိုင်ကြုံရသူတယောက်ကလည်း “လေဆိပ်မှာက အဖွဲ့ပေါင်း သုံးလေးဖွဲ့ရှိတယ်။ အခုက နည်းမျိုးစုံနဲ့ ရစ်နေပြီးတော့ လေယာဉ်တက်ခွင့်မရအောင် အကြောင်းအမျိုးမျိုးပြပြီး လုပ်စားနေကြတာ။ ပြီးရင် သူတို့အချင်းချင်းဆီကပဲ လက်တို့ပြီးတော့ VIP လမ်းကြောင်း ရှိတယ်။ အဲဒါနဲ့သွားရင် အရစ်မခံရဘူး။ အဲဒီလမ်းကြောင်းကနေလာရင် အဆင်ပြေတယ်ပဲ တွန်းပို့ကြတာ။ မဖြစ်မနေ သွားဖို့ စီစဉ်ထားသူတွေကျတော့လည်း ဟိုတယ်ဘိုကင်၊ လေယာဉ်လက်မှတ်တွေ အဆုံးမခံချင်တော့ သူတို့ရဲ့ VIP Pass ကို သိန်း ၃၀၊ ၄၀ ပေးပြီး သွားနေရတာပဲ။ လေဆိပ်က ရဲနဲ့ ဝန်ထမ်းတွေ၊ အာဏာပိုင်တွေ အကုန်လုံးပေါင်းပြီး ဝေစားမျှစား လုပ်စားနေကြတာ” လို့ ပြောပါတယ်။
လတ်တလောမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေဆိပ်ရဲနဲ့ လဝက ဝန်ထမ်းတွေ ပူးပေါင်းပြီး ပွဲစားတွေကတဆင့် VIP လမ်းကြောင်းကို စစ်တပ်နဲ့ နီးစပ်သူတွေက အဓိက ချိတ်ဆက် လုပ်ကိုင်နေကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေး ကျဆင်းတာနဲ့ အလုပ်အကိုင် ရှားပါးတာကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပိုများလာပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ UAE နိုင်ငံတွေကို အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ဇွဲသစ်
DVB TV News