မင်းအောင်လှိုင်က ကချင်ပြည်နယ်မှ ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှားသံအမတ်အဖြစ် ခန့်အပ်၊ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်ကြီးရာထူးများ ဆက်တိုက်ပေးနေ
ရန်ကုန်၊ အောက်တိုဘာ ၂၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကချင်ပြည်နယ်မှ ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှားသံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ယခုအောက်တိုဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ခြေလျင်တပ်မဟာ (စကခ -၃)မှ တပ် မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ် ဇော်ဝင်းကို စစ်ဘက်ရာထူးတာဝန်မှ အနားပေးပြီး အင်ဒိုနီးရှားနိုင်ငံဆိုင် ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်မှူးချုပ် ဇော်ဝင်း စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်းပါ။ ဇော်ဝင်းအနေနဲ့ကတော့ တပ်မမှူးဖြစ်ပြီးပြီဆိုရင် ကျောင်းအုပ်ကြီး။ ကျောင်းအုပ်ကြီး ပြီးရင် တိုင်းမှူး သွားရတဲ့သူတွေပေါ့။ ဗိုလ်မှူးချုပ် ဇော်ဝင်းကတော့ တိုင်းမှူး မလုပ်ရတော့ဘဲနဲ့လည်း သံအမတ်ဖြစ်သွားတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ဗိုလ်မှူးချုပ်ဇော်ဝင်းသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြည်သူများကို အဓိက သတ်ဖြတ်ခဲ့သော စစ်ကြောင်းများကို အဓိက စီစဉ် ညွှန်ကြားခဲ့သူ ဖြစ်သည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ မင်းအောင်လှိုင်က ရွေးကောက်ပွဲမတိုင်မီ စစ်ဘက်မှ အရာရှိကြီးများကို ညွှန်ကြား ရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သံအမတ်ကြီးများအဖြစ် ဆက်တိုက် ခန့်အပ်နေကြောင်း၊ အထူးသဖြင့် နိုင်ငံတကာသို့ စေလွှတ်မည့် သံအမတ်ကြီးများကို စစ်ဘက်မှ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို အနားပေး၍ ဆက်တိုက် ခန့်အပ်နေကြောင်း ပြော ဆိုသည်။
“အရပ်ဘက်ဝန်ကြီးဌာနတွေတော်တော်များများမှာ တပ်က အရာရှိကြီးတွေ ဆက်တိုက် ခန့်အပ်နေတယ်။ ဒုညွှန်ချုပ်၊ ဒုအမြဲ တမ်းအတွင်းဝန်နေရာတွေကိုပေးနေတာ။ အဲဒီလူတွေက မကြာခင်မှာ ညွှန်ချုပ်နဲ့ အမြဲတမ်းအတွင်းဝန် ဖြစ်လာမယ့်သူတွေ။ သံအမတ်ကြီးရာထူးနေရာတွေမှာလည်း ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးချုပ်တွေချည်းပဲ ခန့်နေပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မကြာသေးမီကလည်း မင်းအောင်လှိုင်က ကြည်းတပ်မှ ဗိုလ်ချုပ်နေမျိုးဦး၊ လေတပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ကို နိုင်ငံခြား ရေးဝန်ကြီးဌာန၏ သံအမတ်ကြီးများအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူပင် တပ်မတော်(ကြည်း)မှ ဒုတိယဗိုလ်မှူးကြီး ဝင်းလွင်ဦးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်း အင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ဗိုလ်ကြီး မင်းသူကို မန္တလေးစည်ပင်ဌာနမှူးအဖြစ်လည်းကောင်း၊ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးမှ ဗိုလ်မှူး ဇေယျာစိုးကို ရွေးကောက်ပွဲကော်မရှင်တွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ စစ်ဘက်မှ အရာရှိကြီးနှင့် အရာရှိငယ် ၄၀၀ ကျော်ကို အရပ်ဘက်ဝန်ကြီးဌာနများတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာရှိများအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရှိရသည်။