အမေရိကန်သမ္မတထရမ့်၏ ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေး ပိုမိုအလေးထား ဆောင်ရွက်စေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများက တိုက်တွန်းမေတ္တာရပ်ခံလှုပ်ရှားမည်

အမေရိကန်သမ္မတထရမ့်၏ ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေး ပိုမိုအလေးထား ဆောင်ရွက်စေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများက တိုက်တွန်းမေတ္တာရပ်ခံလှုပ်ရှားမည်
ရန်ကုန်၊ အောက်တိုဘာ ၂၀
အမေရိကန်သမ္မတထရမ့်၏ ဂျပန်ခရီးစဉ်အတွင်း မြန်မာ့အရေး ပိုမိုအလေးထား ဆောင်ရွက်စေရန် ပြည်ပရောက် မြန်မာနိုင်ငံသားများက တိုက်တွန်းမေတ္တာရပ်ခံလှုပ်ရှားမည်ဖြစ်ကြောင်း ဂျပန် NUG Support Team အဖွဲ့ဝင်များက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အမေရိကန်သမ္မတ ထရမ့်က ဂျပန်နိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံး အပတ်အတွင်း လာရောက်ရန်ရှိနေပြီး ယင်းခရီးစဉ်အတွင်း အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့အရေးကို ပိုမိုထိရောက်စွာ အလေးထား ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်း တောင်းဆို မေတ္တာရပ်ခံ အကူအညီတောင်းခံခြင်း လှုပ်ရှားမှုအစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန် သမ္မတ ဂျပန်နိုင်ငံသို့ လာရောက်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၌ စစ်တပ်၏ ပြည်သူအပေါ် ရက်စက်ယုတ်မာမှုများ၊ အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန်အတွက် လည်းကောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့အရေးကို ပိုမိုထိရောက်စွာ အလေးထား ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်း တောင်းဆို မေတ္တာရပ်ခံ အကူအညီတောင်းခံကြမည်ဖြစ်သည်ဟု သိရှိရသည်။
“အိတ်ဖွင့်ပေးစာ ပေးဖို့လည်း စီစဉ်နေပါတယ်။ကျားဖြန့်၊လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးတင်ပို့မှု တို့နဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ထိခိုက်နေတံ့အတွက် ထရမ့်ရဲ့ အမေရိကန်အစိုးရက ဦးဆောင်ကိုင်တွယ်ဖြေရှင်းပေးဖို့နဲ့ နောက်ကွယ်က အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို တရုတ်၊ ရုရှားတို့ရဲ့ လက်နက်နဲ့ နည်းပညာ ထောက်ပံ့ကူညီနေမှုတွေ ရပ်တန့်သွားအောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပြီး အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအတိုင်း ဆက်သွားရင် အမေရိကန်အစိုးရနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်မှာမို့ ထရမ့်အစိုးရ ကြားဝင်လုပ်ဆောင်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ဂျပန်ရောက် NUG Support Team အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဂျပန်ရောက် မြန်မာနိုင်ငံသားများက အောက်တိုဘာလ ၂၇ ရက်နေ့ Sumitomo Fudosan Toranomon Tower တွင် ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အထိ အမေရိကန်က မြန်မာ့အရေးကို ပိုမိုထိရောက်စွာ အလေးထား ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်း တောင်းဆို မေတ္တာရပ်ခံ အကူအညီတောင်းခံခြင်း လှုပ်ရှားကြမည်ဖြစ်သည်။
ထို့ကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်သမ္မတ ထရမ့် ဂျပန်သို့ ရောက်ရှိနေစဉ်ကာလအတွင်း မေတ္တာရပ်အခံကူညီတောင်းဆိုခြင်းလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ပေးနိုင်ကြပါရန် NUG Support Team Japan က အသိပေး တိုက်တွန်းနှိုးဆော်ထားသည်။
အမေရိကန်သမ္မတ ထရမ့်က တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေး မတိုင်မီ ဂျပန်နိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံး ရက်သတ္တပတ်အတွင်းလာရောက်ရန် ရှိနေခြင်းဖြစ်သည်။