စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရန် တော်လှန်ရေးအဖွဲ့များအားလုံး တပ်ပေါင်းစုဖွဲ့၍ တိုက်ထုတ်ရမည်ဟု Union Liberation Front တပ်ဖွဲ့က သတိပေး

စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ရန် တော်လှန်ရေးအဖွဲ့များအားလုံး တပ်ပေါင်းစုဖွဲ့၍ တိုက်ထုတ်ရမည်ဟု Union Liberation Front တပ်ဖွဲ့က သတိပေး
ရန်ကုန်၊ အောက်တိုဘာ ၂၀
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရန် တော်လှန်ရေးအဖွဲ့များ အားလုံးပူးပေါင်းသည့် တပ်ပေါင်းစု ဖွဲ့စည်း၍ တိုက်ထုတ်ရမည်ဖြစ်ကြောင်း Union Liberation Front အဖွဲ့မှ တာဝန်ရှိသူများက သတိပေးထုတ်ဖော်ပြောဆိုလိုက်ကြသည်။
စစ်အာဏာရှင်ကို တိုက်ထုတ်ရန်ကြိုးစားရာတွင် ရဲဘော်အများအပြား ပေးဆပ်ခဲ့ရပြီး ဖြစ်ပြီး ရဲဘော်များအနေဖြင့် ခံယူချက်ပျောက်၍ မရကြောင်း၊ ခံယူချက်ဖြင့်သာ တော်လှန်ရေးကို ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ တော်လှန်ရေးရှေ့ဆက်သွားရာတွင် အမြန်ဆုံးပြီးမြောက်ရန်အတွက် တပ်ပေါင်းစုဖွဲ့ရမည်ဖြစ်ပြီး အင်အားကြီးသည့် တပ်ပေါင်းစုဖြစ်လာမှသာ အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အားလုံးပူးပေါင်းပြီးတော့ တော်လှန်ရေးကို တိုက်ထုတ်မှ ရမယ် ၊ တစ်ဖွဲ့တည်း တိုက်လို့မရဘူး တစ်စုတည်း တိုက်လို့မရဘူး။ တစ်ရင်းတည်း တိုက်လို့မရဘူး ။ တစ်မြို့နယ်တည်း တိုက်လို့မရဘူး။ တစ်ဖွဲ့တည်းတောင် တိုက်လို့ရတယ်၊ တစ်ဖွဲ့တည်း သေသွားပါလိမ့်မယ်။ အဲဒီတော့ ငါတို့သည် တော်လှန်ရေး အမြန်ဆုံး ပြီးမြောက်အောင်မြင်ဖို့ဆိုရင် ဒီ့ထက်မက တပ်ပေါင်းစု ရပါမယ်။ တပ်တွေ အများကြီးပေါင်းစုပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်မှရမယ်” ဟု Union Liberation Front အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
ထိုသို့ တပ်ပေါင်းစုဖွဲ့နိုင်ရန်အတွက် ယခင်ကဲ့သို့ မာနခံနေ၍ အတ္တကြီးနေ၍ မရကြောင်း၊ တပ်ပေါင်းစုဆိုသည်မှာ လွယ်လွယ်နှင့် ပေါင်းစပ်၍ မရသော်လည်း စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရန်မှာမူ တပ်ပေါင်းစုမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း Union Liberation Front အဖွဲ့က သတင်းထုတ်ပြန်ပြောဆိုသည်။
“အရင်တုန်းကတော့ ပြောကြတယ် ၊ တပ်ပေါင်းစုဆိုတာ လွယ်လွယ်ပေါင်းစပ်လို့မရပါဘူးလို့ ပြောကြတယ်၊ ဟုတ်ပါတယ် တပ်ပေါင်းစုကတော့ လွယ်လွယ်နဲ့ပေါင်းစပ်လို့မရဘူး။ Local ပကဖ PDF ဆိုပြီးတော့ ကိုယ့်အစုအဖွဲ့နဲ့ ကိုယ့်အဖွဲ့ ရန်ပုံငွေ ရှာကြံရေး၊ လက်နက်အင်အား တောင့်တင်းရေး ၊ ခဲယမ်း မီးကျောက်တောင့်တင်းရေးဆိုပြီးတော့ ကိုယ်စီအတ္တတွေ ရှိကြတယ်။ သဘောထားအမြင်တွေ ကွဲလွဲကြတယ် ။ အဲ့ဒါကြောင့် တပ်ပေါင်းစုလို့ မရတဲ့အခက်အခဲတွေရှိတယ်။ ဒီက ရှေ့လျှောက် ငါတို့က အရင် ဂျီးများနေလို့ ၊ မာနခံနေလို့ ၊အတ္တကြီးနေလို့မရတော့ဘူး ။ ငါတို့တွေမြေပြင်မှာ ပေါင်းစပ်မှ ဒီထက်မက အင်အားကြီးတဲ့ တပ်ဖွဲ့ကြီးဖြစ်မှ၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မှာဖြစ်တယ်” ဟု Union Liberation Front အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
တော်လှန်ရေးတပ်များအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်း ၂ လမ်းသာရှိပြီး ယင်း ၂ လမ်းမှာ တပ်ပေါင်းစုအဖြစ် ပူးပေါင်းကြမည်လား၊ အသေခံကြမည်လားဆိုသည်သာဖြစ်ကြောင်း၊ တပ်ပေါင်းစုဖွဲ့ရေးမှာ စစ်အာဏာရှင်ကို အနိုင်တိုက်ရေးအတွက် အလွန်အရေးကြီးလာကြောင်း Union Liberation Front တပ်ဖွဲ့ သတိပေးထားသည်။