 
စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်
ရန်ကုန်၊ အောက်တိုဘာ ၁၉
စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ် ဂုဏ်သိက္ခာ ထိခိုက်စေရန် လုပ်ဆောင်ခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေခြင်း  အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခေါ်ယူသတိပေးလိုက်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီများကို ထိုသို့ ခေါ်ယူစဉ် ၎င်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို  ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် အပိုင်းတစ်ပိုင်းတည်းအတွက်မဟုတ်ဘဲ ရွေးကောက်ပွဲ အပိုင်းအားလုံးအတွက် ယင်းကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က၊ နည်းဥပဒေအခန်း (၁၀) ပါ သတ်မှတ်ချက်များ၊ ရွေးကောက်ပွဲဥပဒေအခန်း ၁၃ ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခန်း  ၁၄  တွင်ပါသည့် တရားမဲ့ပြုကျင့်မှုများကို အထူးသတိပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါတီဝင်များ၊ ပါတီထောက်ခံသူများကိုလည်း သိရှိအောင် အသိပေးထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ငြိစွန်းခြင်းမရှိစေရေးကိုလည်း သတိပြုစေလိုကြောင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ပြောဆိုသတိပေးသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက နိုင်ငံရေးပါတီများအနေဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်မည့် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ အတွက် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲနည်းဥပဒေ အခန်း ၁၀ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာလျှင် အရေးယူမည်ဖြစ်ကြောင်း  အထူးသတိပေး ပြောဆိုသည်။
“ရွေးကောက်ပွဲနည်းဥပဒေ အခန်း ၁၀ ဆိုတာက မဲဆွယ်စည်းရုံးရာမှာ ကန့်သတ်ထားတဲအချက် ၁၀ ချက်ကိုပြောတာပါ။ အဲဒီအချက်တွေကတော့ ဒို့တာဝန်အရေး ၃ ပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိခိုက်ပြုမူဆောင်ရွက်မှုတွေ မလုပ်ရဘူး၊ တပ်မတော်ကို ပြိုကွဲအောင် ဂုဏ်သိက္ခာကျအောင် မဟောပြောရဘူး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်း သာယာရေးကို ထိခိုက်အောင် မလုပ်ရဘူး။ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမယ်ပေါ့။ အခြားအချက်တွေလည်းရှိသေးတယ်။ အဓိက အချက်ကြီးတွေက အဲဒါတွေပါ” ဟု နိုင်ငံရေးပါတီမှ မြို့နယ် ဥက္ကဋ္ဌတစ်ဦးက ရှင်းပြသည်။
မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များကို မလိုက်နာပါက ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်အညီ အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ ထောင်ဒဏ် ၃ နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်များကိုပါ ချမှတ်မည့်အပြင် ကိုယ်စားလှယ်လောင်းအဖြစ်မှပါ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်ပြောဆိုသွားသည်။
အကြမ်းဖက် စစ်တပ်က ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို  ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
စစ်တပ်က  ပြဋ္ဌာန်းခဲ့သော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။