မြန်မာစစ်အုပ်စုက ပြည်သူများကို ငတ်မွတ်အောင်ထားရှိစေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းကို အသုံးပြုနေသည့်အပေါ် နိုင်ငံတကာက လက်ပိုက်ကြည့်မနေသင့်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

မြန်မာစစ်အုပ်စုက ပြည်သူများကို ငတ်မွတ်အောင်ထားရှိစေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းကို အသုံးပြုနေသည့်အပေါ် နိုင်ငံတကာက လက်ပိုက်ကြည့်မနေသင့်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာအကြမ်းဖက် စစ်အုပ်စုက ပြည်သူများကို ငတ်မွတ်အောင်ထားရှိစေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းကို အသုံးပြုနေသည့်အပေါ် နိုင်ငံ တကာက လက်ပိုက်ကြည့်မနေသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သ​ော ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် စားနပ်ရိက္ခာ ရရှိခွင့် နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ အကူအညီပေးအပ်သည့် ထောက်ပံ့မှုများကို တားမြစ်ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဟန့်တားကန့်သတ်ခြင်းနှင့် လယ်ယာမြေများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများအား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ရရှိခွင့်မှာ စနစ်တကျပင် ငြင်းပယ်ခံထားရကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ မြန်မာပြည်သူများအား ငတ်မွတ်အောင်ထားရှိစေခြင်းဖြင့် အညံ့ခံစေသည့်နည်းလမ်းအား အသုံးပြုနေသည့်အပေါ် လက်ပိုက်ကြည့်မနေသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားစေရေးအတွက် ယခုပင် အရေးယူဆောင် ရွက်ရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၌ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်သဖွယ် လက်တွေ့ မြင်တွေ့နေရသည့်အခြေအနေဖြစ်ပြီး တရားမဝင် စစ်အာဏာသိမ်းမှုက စီးပွားရေးယန္တရားများအား လက်နက်သဖွယ် အသုံးပြုလျက် ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုတို့ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ မတရားစစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးရလဒ်များမှာ အလွန်ဆိုးရွားပြီး စားနပ်ရိက္ခာရရှိခွင့်မှာ ပြိုလဲလျက်ရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
၂၀၂၅ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၅ ဒသမ ၂ သန်းခန့်သည် အရေးပေါ် စားနပ်ရိက္ခာ မလုံ လောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၃ ဒသမ ၅ သန်းသော ပြည်သူများအနေဖြင့် ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ တစ်ချိန်တည်းမှာပင် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုသည့် ကော်ပိုရိတ် အဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်နေပြီး နိုင်ငံတော်၏ ဝင်ငွေများကို လက်နက်ခဲယမ်းများအတွက် လွှဲပြောင်းအသုံးချလျက်ရှိကြောင်း၊ ထို့အပြင် စစ်အုပ်စုက ခရိုနီအသိုင်းအဝိုင်းများအား မဖြစ်မနေ လိုအပ်သည့် ကုန်စည်ပစ္စည်း ဝင်ထွက် စီးဆင်းမှုများအား ထိန်းချုပ်ရန်နှင့် ကုန်ပစ္စည်းများ ရှားပါးမှုမှတဆင့် အမြတ်ထုတ်နိုင်ရန် ခွင့်ပြုပေးထားကြောင်း၊ ဆိုးရွားသည့် အခြေအနေ အမျိုးမျိုး စုဆုံနေသည့် အနေအထားတွင် အမျိုးသမီးများ၊ ကလေး သူငယ်များ၊ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ထောင်စုများ၊ ရိုဟင်ဂျာ ဒုက္ခသည်များ၊ မြို့နေပြည်သူများ အားလုံးအနေဖြင့် စားနပ်ရိက္ခာ မဖူလုံမှု၊ အာဟာရ မပြည့်ဝမှု၊ ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ဝင်ငွေ မလောက်ငမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ ရရှိခွင့်မှာ စနစ်တကျပင် ငြင်းပယ်ခံထားသဖြင့် ထိုသို့ စစ်တပ်၏ အမြတ်ထုတ်မှု၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် ရက်စက်ကြမ်းကြုတ်မှုများအပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ချက်ချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ ထိရောက်သော လုပ်ဆောင်ချက်များကို တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားစေရေးအတွက် အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက တိုက်တွန်းသွားသည်။