 
ယုဇနဥယျာဉ်မြို့တော်တွင် တိုက်ခန်းများ ဆေးသုတ်ရန်ဟုဆိုကာ တိုက်ခန်းတစ်ခန်း  တစ်လ ၁ သိန်း၊ လုံခြုံရေးကြေး ၃ ထောင်၊ စစ်မှုထမ်းကြေး လစဉ် ၁ သောင်း အပါအဝင် အိမ်ထောင်စု တစ်စုလျှင် လစဉ် ၁၁၃၀၀၀ ကျပ် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က အဓမ္မ ကောက်ခံ
ရန်ကုန်၊ အောက်တိုဘာ ၁၈ 



ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် တိုက်ခန်းများ ဆေးသုတ်ရန်ဟုဆိုကာ တိုက်ခန်းတစ်ခန်း  တစ်လ ၁ သိန်း၊ လုံခြုံရေးကြေး ၃ ထောင်၊ စစ်မှုထမ်းကြေး လစဉ် ၁ သောင်း အပါအဝင် အိမ်ထောင်စု တစ်စုလျှင် လစဉ် ၁၁၃၀၀၀ ကျပ်ကို အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ အမှတ် ၉၄ ရပ်ကွက် ဖူဆယ်ဘောလုံးအားကစားကွင်းတွင်  ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က အစည်းအဝေး ခေါ်ယူခဲ့ကြောင်း၊  ယင်းနောက် ရပ်ကွက်အတွင်း တိုက်ခန်းများ ဆေးသုတ်ရန် တိုက်ခန်းတစ်ခန်းလျှင် လစဉ် ၁ သိန်း ကောက်ခံမည်ဖြစ်ကြောင်း၊ ထို့ပြင်  ရပ်ကွက်လုံခြုံရေးကိစ္စများအတွက်  လုံခြုံရေးကင်းတဲများထားရှိ၍ လုံခြုံရေးဆောင်ရွက်နိုင်ရန် တိုက်တစ်ခန်းလျှင် လစဉ်  ၃၀၀၀/ ကျပ် သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ လစဉ်ကြေးအား ၂၀၂၆ ဇန်နဝါရီ လမှ စတင်ကောက်ခံသွားမည်ဟု ခေါ်ယူပြောဆိုကြောင်း သိရှိရသည်။
“အုပ်ကြီး ခင်မောင်ဇင်က  တိုက်ခန်း ၁ ခန်းကို ၁ လ ၁ သိန်း ။ ကြံ့ခိုင်ရေးနဲ့ ဆေးသုတ်ဖို့အတွက် လစဉ် ကောက်မယ်။ ကင်းကြေးက လစဉ် တိုက်ခန်း ၁ ခန်းကို ၃၀၀၀ ကောက်တယ်။ နောက်ပြီး စစ်မှုထမ်းကြေးက ၁ လကို ၁ သောင်းကောက်တယ။ အဲဒီတော့ တိုက်ခန်း ၁ ခန်းက ၁ လကို ၁၁၃၀၀၀ ရပ်ကွက်က ကောက်မှာ။ စီးပွားရေးကျပ်တည်းလို့ လူတွေ အဆင်မပြေလို့ အကုန်ဒုက္ခရောက်နေတဲ့အချိန်မှာ တစ်လကို ၁ သိန်း ၂ သောင်း လစဉ် ဘယ်လို ပေးနိုင်မလဲ။ ပြည်သူတွေဘက်က မစဉ်းစားဘူး။ သူတို့လုပ်ချင်ရာလုပ်ဖို့ပဲ”ဟု ယုဇနဥယျာဉ်မြို့တော်၊ အမှတ်၉၄ ရပ်ကွက် ၊ A Block တွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က  ရပ်ကွက်အတွင်း ရွေးကောက်ပွဲကျင်းပတော့မည် ဖြစ်၍ ပြည်သူများအနေဖြင့် မဲပေးနိုင်ရေးအတွက် သတ်မှတ်ထားသော ရွေးကောက်ပွဲဥပဒေနှင့်အညီ ရပ်ကွက် ရွေးကော် ကော်မရှင် ရုံး မဲပေးနိုင်ရေး ဆောင်ရွက်စေလိုကြောင်း ပြည်သူများကို ဖိအားပေးလာကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ စစ်တပ်အလိုကျ ပြည်သူများအပေါ် ဖိနှိပ်ရမ်းကားနေသူတစ်ဦးဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရပ်ကွက်အတွင်း ၎င်းနှင့်အဆင်မပြေသူ မိသားစုများကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ် တတ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇန ၉၄ ရပ်ကွက်တွင် လူငယ် မောင်စောကိုကိုထက်ကို  ယုဇန ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်နှင့်ပျူစောထီးအဖွဲ့က  အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ပြီး ငှက်ကြီးတောင်ဓားဖြင့် တစ်ချက်တည်း ထိုးသတ်ခဲ့ဖူးသည်။  ထိုသို့ လူသတ်မှု ကျူးလွန်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ စစ်တပ်ဘက်တော်သားဖြစ်၍ တစ်စုံတစ်ရာ အရေးယူခံရခြင်းမရှိဘဲ ယနေ့အချိန် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်ကာ ပြည်သူများအပေါ် အနိုင်ကျင့် ရမ်းကား စော်ကားမှုများ ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရှိရသည်။