
မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရရှိသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲ ထည့်လိုက်ပြီဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၈
မြန်မာပြည်သူများ၏ အင်တာနက်အသုံးပြုမှုအားလုံးကို တရုတ်နိုင်ငံက အပြည့်အ၀ ထိန်းချုပ်ခွင့်ရသွားပြီး မင်းအောင်လှိုင်က တိုင်းပြည်ကို တရုတ်လက်ထဲသို့ ထည့်သွင်းလိုက်သည့်သဘောဟု ဆိုနိုင်ကြောင်း လူ့အခွင့်အရေးနှင့် နည်းပညာကျွမ်းကျင်သော စောင့်ကြည့်လေ့လာရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကမ္ဘာ့အဆိုးရွားဆုံး တရုတ်အင်တာနက်ဆင်ဆာစနစ် Great Firewall အသုံးချပုံများနှင့် ပတ်သက်သော မကြာသေးမှီက ဖြစ်ပွားခဲ့သည့် လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုသည် နိုင်ငံတကာမီဒီယာများနှင့် ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်ကိုသာမက နိုင်ငံရေးလောကကိုပင် ကြီးစွာရိုက်ခတ်မှုများ ဖြစ်လာစေခဲ့သည်။
အဆိုပါလျှို့ဝှက်ပေါက်ကြားမှုကြီးနှင့်ဆက်စပ်၍ အများပြည်သူသိစေရန် နှင့် သုတေသနပြု လေ့လာရန်အတွက် မီဒီယာများ/ အစိုးရမဟုတ်သော နည်းပညာ/ အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ကြသည့် InterSecLab၊ Justice For Myanmar၊ Amnesty International၊ Follow the Money၊ DER STANDARD နှင့် The Globe and Mail တို့က ပူးပေါင်းအစုအဖွဲ့ တစ်ခုဖွဲ့စည်းကာ အတူတကွ လေ့လာဆန်းစစ်ခဲ့ကြပြီး၊ တွေ့ရှိချက်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ပေါက်ကြားလာသော ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော် အချက်အလက်များအရ တရုတ်အင်တာနက်ဆင်ဆာစနစ် Tiangou Secure Gateway (TSG) ကို တရုတ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီ၏ ကိုယ်ပွားသဖွယ်ဆက်စပ်နေသည့် တရုတ်နည်းပညာကုမ္ပဏီ Geedge Networks က စစ်အုပ်စုအလိုကျ မြန်မာနိုင်ငံတွင် လာရောက်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စတင်အသုံးပြုနေပြီဖြစ်သည်။
တရုတ်အင်တာနက်ဆင်ဆာနည်းပညာ နှင့် ပတ်သက်သော ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံးနှင့် အချက်အလက်အများဆုံး ပါဝင်သော အဆိုပါပေါက်ကြားမှုသည် တရုတ်နည်းပညာကုမ္ပဏီ Geedge Networks မှတဆင့်ပင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ပေါက်ကြားလာသောဖိုင်များတွင် Geedge ၏ Tiangou Secure Gateway (TSG) အင်တာနက်ဆင်ဆာစနစ်ကို မည်သို့တီထွင်ထားကြောင်း ဖော်ပြထားသည့် အချက်အလက်များသာမက၊ မြန်မာပြည်တွင်း အင်တာနက်အသုံးပြုလမ်းကြောင်းတစ်ခုလုံးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စိစစ်အဖြေရှာထုတ်ပြန်ပေးသည့် DPI ပလက်ဖောင်းများ မည်သို့တည်ဆောက်ခြင်းဆိုင်ရာများအပြင် အင်တာနက်ဆင်ဆာဖြတ်တောက်၊ စောင့်ကြည့်ထောက်လှမ်းခြင်းများ အသုံးပြုမှုဆိုင်ရာ များစွာသော Tiangou ၏ စွမ်းဆောင်ရည်အချက်အလက်များလည်း ပါဝင်နေသည်။
လျှို့ဝှက်ပေါက်ကြားလာသည့် ကုမ္ပဏီ၏ စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်ပါ အချက်အလက်များအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီ Geedge Network သည် မြန်မာစစ်အုပ်စုကို ကြောက်ခမန်းလိလိ စွမ်းဆောင်နိုင်သည့် ထောက်လှမ်းရေးနည်းပညာနှင့် စက်ပစ္စည်းများကို တပ်ဆင်ရောင်းချပေးခဲ့ကြောင်း ပူးပေါင်းအစုအဖွဲ့၏အဖွဲ့ဝင် နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်သည့် InterSecLab က အစီရင်ခံစာထုတ်ပြန် ဖော်ထုတ်ခဲ့သည်။
အဆိုပါ Geedge ၏ Tiangou Secure Gateway (TSG) အင်တာနက်ဆင်ဆာစနစ်ကို မြန်မာနိုင်ငံတွင်း ATOM ၊ Ooreedoo၊ MPT ကဲ့သို့သော ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုအပါအဝင် ဒေတာစင်တာ ၂၆ ခုတွင် တပ်ဆင်ထားပြီး၊ ၄င်းသည် အင်တာနက်အသုံးပြုသူ မြန်မာပြည်သူ ၃၃ သန်းကျော်၏ အင်တာနက်ပေါ်ဆက်သွယ်လှုပ်ရှားမှုပေါင်း ၈၁ သန်းခန့်ကို အချိန်နှင့်တပြေးညီ တပြိုင်နက်စောင့်ကြည့်နိုင်ကြောင်း တွေ့ရှိထုတ်ဖော်နိုင်ခဲ့သည်။
ထိုပေါက်ကြားမှုမှတဆင့် သိရှိလာရသည့် အချက်အလက်များအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီက မြန်မာစစ်အုပ်စုကို ရောင်းချတပ်ဆင်ပေးထားသည့် တရုတ် Great Firewall ပုံစံတူ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးစနစ်သည် မြန်မာပြည်သူများအပေါ် မည်သို့မည့်ပုံ သက်ရောက်နိုင်သည်ကို ရန်ကုန်ခေတ်သစ်က InterSecLab သို့ ဆက်သွယ်မေးမြန်းခဲ့သည်။.
“လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်လက်တွေအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာတွေ့ရှိချက်များအရ Geedge ဟာ သူတို့၏ လုပ်ငန်းဆောင်တာတွေရှိတဲ့ မြန်မာအပါအဝင် ဖောက်သည်နိုင်ငံများအတွင်း တပ်ဆင်ထားတဲ့ ၎င်းတို့ရဲ့ စနစ်ယန္တရားတွေကို အဝေးကနေ ချိတ်ဆက်အသုံးပြုနိုင်စွမ်း (remote access) ရှိနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက Geedge ဟာ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်သလို၊ လေ့လာစောင့်ကြည့်၊ ခွဲခြမ်း စိတ်ဖြာ၊ ထောက်လှမ်းနိုင်တယ် ဆိုတာပါပဲ” ဟု InterSecLab ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်ကို ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာနှင့် တိုက်ရိုက်ပတ်သက်သည့် ၃၃ သန်းကျော်သော အင်တာနက်အသုံးပြုသူ မြန်မာပြည်သူအားလုံး၏ အင်တာနက်အသုံးပြုမှု အချက်အလက်များအား တရုတ်အစိုးရက ဝင်ရောက်ချိတ်ဆက်အသုံးပြုနိုင်သည် ဆိုသည့်အချက်နှင့် ပတ်သက်၍လည်း “မြန်မာတွင် အင်တာနက်ဆင်ဆာစနစ် လာရောက်တပ်ဆင်သော Geedge Networks နှင့် တရုတ်နိုင်ငံတော်ကောင်စီ ထိန်းချုပ်ခံ တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) တို့အကြား အပြန်အလှန် ပံ့ပိုးဆက်သွယ်မှုများကို ဖော်ညွှန်းနေသည့် ပေါက်ကြားလာသော MesaLab ၏ စာရွက်စာတမ်းများက ၄င်းအချက်ကို သက်သေပြနေကြောင်း” အဆိုပါ InterSecLab ၏ ပြောခွင့်ရှိသူက ရန်ကုန်ခေတ်သစ်ကို ဆက်ပြောခဲ့သည်။
MesaLab သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးအဖွဲ့ဖြစ်သော တရုတ်နိုင်ငံတော်ကောင်စီ ထိန်းချုပ်ခံ တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) လက်အောက်ရှိ Institute of Information Engineering (IIE) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ Geedge နှင့် ၄င်းတို့အကြား အပြန်အလှန် ပံ့ပိုးဆက်သွယ်နေသည်ကို ဖော်ပြနေသော MesaLab ၏ သတင်းအချက်အလက်များ ပေါက်ကြားမှုများမှတဆင့် ယခုလို မြန်မာနှင့်ပတ်သက်သော စိုးရိမ်ဖွယ်အချက်များ သိရှိခွင့် ရရှိလာရခြင်းလည်းဖြစ်သည်။
ထိုပေါက်ကြားလာသော မြန်မာနိုင်ငံတွင်း တရုတ်ပုံစံတူ အင်တာနက်ဆင်ဆာစနစ်နှင့် ပတ်သက်သော အချက်အလက်များအပေါ် အခြေခံပြီး၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေသော အမည်မဖော်လိုသူ ဒစ်ဂျစ်တယ်ပညာရှင်တစ်ဦးက – “အခုကိစ္စက စစ်တပ်ကို တော်လှန်သူတွေပဲ ထိမှာ မဟုတ်ဘူး …တစ်နိုင်ငံလုံး ထိမှာ၊ စစ်ဗိုလ် ဗိုလ်ချုပ်၊ မဘသ၊ စစ်လော်ဘီ …. တစ်ယောက်မှ မကျန်ဘူး၊ မြန်မာပြည်သူ ဘယ်သူမဆို အချိန်မရွေး ဒီယန္တရားရဲ့အောက်မှာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ မင်းအောင်လှိုင်က သူအာဏာတည်မြဲရေးအတွက် တရုတ်ကို အကုန်ချကျွေးတာ၊ တိုင်းပြည်ရဲ့အချုပ်အခြာ ဆိုတာ အခုတော့ လေထဲမှာ အရုပ်ရေးသလို ဖြစ်သွားပြီ” ဟု ပြောကြားခဲ့သည်။
“ဒီလို အင်တာနက်ခေတ်မှာ တစ်နိုင်ငံလုံးရဲ့ အသေးစိတ် ဒေတာအချက်အလက်တွေကို ပေးလိုက်မှတော့၊ နောက်ပိုင်းဆို တရုတ်က စစ်အုပ်စု စစ်လော်ဘီပါမကျန် ပြည်သူအားလုံးရဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ပြီး၊ မြန်မာ့အရေးမှာ ဒီထက်ပိုပြီး လိုသလိုပုံသွင်း ချုပ်ကိုင်လာနိုင်သလို၊ မြန်မာပြည်သူတွေ အထူးသဖြင့် သူတို့လိုချင်သူ တနည်းအားဖြင့် သူတို့အတွက် အရေးပါသူ/ အန္တရယ်ပေးနိုင်သူ လို့ သူတို့ယူဆသူတွေကိုလည်း စာရင်း (Mapping) ပြုပြီး၊၊ ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်ထောက်လှမ်းတာတွေ… ဥပဒေမဲ့ အရေးယူတာမျိုးတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်” ဟု ၄င်းက ဆက်ပြောခဲ့သည်။
(ပေါက်ကြားလာသော သတင်းအချက်အလက်များအရ မြန်မာစစ်အုပ်စုအလိုကျ တရုတ် Great Firewall ပုံစံတူ အင်တာနက်ဆင်ဆာစနစ် လာရောက်တပ်ဆင်သော GeedgeNetwork နှင့် …. MesaLab၊ တရုတ်အစိုးရ လက်အောက်ခံ တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) တို့အကြား စိုးရိမ်ဖွယ် အပြန်အလှန်ချိပ်ဆက် ဆက်နွှယ်နေမှုများသည် မြန်မာပြည်သူအားလုံးနှင့် နိုင်ငံ၏ အချုပ်အချာကို မည်မျှဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်းကို ယနေ့ ည ၉ နာရီတွင် တင်ဆက်မည့် ခေတ်သစ်သတင်းတွင် (နောက်ဆုံးအပိုင်းအနေနှင့်) ဆက်လက်ဖတ်ရှုနိုင်ပါသည်။)