
ကန့်ဘလူ၊ ဇီးကုန်းမြို့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ရဲအရာရှိများ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၂ လက် သိမ်းဆည်းရရှိပြီး ရဲစခန်း တစ်ခုလုံးကို မီးရှို့ရှင်းလင်း (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲအရာရှိငယ်များ အပါ အဝင် ရဲ ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက် နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာ ဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုသည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲဗိုလ်လေးနှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်လေး ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက်၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
” ဇီးကုန်းမြို့ ရဲစခန်းကို ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာ အရာရှိငယ်များ အပါအဝင် ရဲ ၆ ကောင် သေဆုံးပြီး ရဲ ၄ ကောင် အရှင်မိတယ်။ ကျန်တဲ့ ဖမ်းဆီးရမိသူက သူတို့ ရဲမိသားစုဝင်တွေနဲ့ အချုပ်သားတွေပေါ့။ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်။ တိုက်ပွဲက မိနစ်ပိုင်းလောက်ပဲကြာတယ်” ဟု ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းမှ ဦးဆောင်၍ ရေးဦး ဒူဝံ ပကဖနှင့် နယ်မြေခံ ပကဖများက ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော် လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။